မြိတ်အကျဉ်း‌ထောင်၊ ကျောက်ဖြူတောင်ကုန်ထုတ်စခန်း၊ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း၊ မြိတ်မြို့ရှိ မြို့မရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းများ ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦး‌ပေါ်လွင်စိန်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၂-၁-၂၀၂၂ ရက်နေ့မှ ၁၄-၁-၂၀၂၂ ရက်နေ့ထိ တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင်ကုန်ထုတ်စခန်း၊ ဆင်ဖြူရှင် စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်း၊ မြိတ်မြို့ပေါ်ရှိ မြို့မရဲစခန်း အချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်း တို့ကို  ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား၊ အချုပ်သားများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိခြင်း ရှိ မရှိ၊ အသုံးအဆောင်ပစ္စည်းများရရှိခြင်းရှိ မရှိ၊ ညှဉ်းပန်းနှိပ်စက်မှုရှိ မရှိ စသည်တို့ကို မေးမြန်း မှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/အချုပ်သားများကို သီးခြား တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခြင်းနှင့် ယခင်က ကြည့်ရှုစစ်ဆေးသည့် အကြံပြုချက် များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

၃။      အကျဉ်းထောင်နှင့် ကုန်ထုတ်စခန်းများကို ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အချုပ်သားများ၏ အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေသန့်စက်နှင့် သုံးရေကန်များ၊ မိလ္လာများကိုလည်းကောင်း၊ ရဲစခန်းအချုပ်ခန်းများကို ကြည့်ရှုစစ်ဆေးစဉ် အချုပ်ခန်းအတွင်း သန့်ရှင်းရေး၊ မိလ္လာများသန့်ရှင်းရေးနှင့် သောက်သုံးရေသုံးစွဲရမှုအခြေအနေများ၊ လိုအပ်သည့်ဆေးဝါးများနှင့် ထားရှိသင့်သည့်ဆေးကိရိယာပစ္စည်းများ လုံလောက်စွာရရှိမှုအခြေအနေနှင့် ကိုဗစ် ၁၉ ရောဂါကာကွယ်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်‌ဆေးခဲ့ပါသည်။

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်အပေါ် အခြေခံ၍ လိုအပ်သလို စိစစ်ဆောင်ရွက်ပေးနိုင်ရေးအတွက် အကြံပြုချက်များကို သက်ဆိုင်ရာဌာနများသို့ ပေးပို့သွား မည်ဖြစ်ပါသည်။

 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News