မြောင်းမြအကျဉ်းထောင်နှင့် မြောင်းမြမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံးအချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။       မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးကျော်မြင့်တို့ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၅-၁၀-၂၀၂၁ ရက်နေ့နှင့် ၆-၁၀-၂၀၂၁ ရက်နေ့များတွင် မြောင်းမြအကျဉ်းထောင်နှင့် မြောင်းမြမြို့ပေါ်ရှိ ရဲစခန်း၊ တရားရုံး အချုပ်ခန်းတို့အား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ဆိုင်ရာညွှန်ကြားချက်၊ သတိပေးချက်၊ စည်းကမ်းချက်များနှင့်အညီသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။       ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/သူများကို အုပ်စုခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာ ပစ္စည်းများ ပြည့်စုံစွာ ရရှိမှု ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိမရှိနှင့် အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိမရှိတို့ကို မေးမြန်း မှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများနှင့် တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ပါသည်။

၃။       အကျဉ်းထောင်ကို ဝင်ရောက်၍ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာ စတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကိုလည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ အကျဉ်းသား/အချုပ်သားများ အသိပညာတိုးပွားစေရန် ရည်ရွယ်၍ အကျဉ်းထောင်စာကြည့်တိုက်တွင် ထားရှိရန် သုတ၊ ရသ၊ ကျန်းမာရေး၊ ဘာသာရေး စာအုပ်မျိုးစုံ အုပ်ရေ (၂၀၀) နှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း မြန်မာပြန် စာသားများပါရှိသော မှတ်စုစာအုပ် (၆၉၀) အုပ်တို့ကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။

၄။       ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်များအတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက် များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အကြံပြုပေးပို့ သွားမည် ဖြစ်ပါသည်။

                                                                                                                                                 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News