မှုခင်းရဲတပ်ဖွဲ့၊ လေ့ကျင့်ရေးဌာနခွဲ (အင်းစိန်) ၌ သင်ခန်းစာ သွားရောက်ပို့ချ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ အရ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသောရှေ့လုပ်ငန်းစဉ်မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကို ရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းသည် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ လေ့ကျင့်ရေးဌာနခွဲ (အင်းစိန်) တွင် ဖွင့်လှစ်လျက်ရှိသော စုံထောက်အရာရှိသင်တန်းအမှတ်စဥ် (၂၀၀) သို့ ၂၈-၉-၂၀၂၆ ရက်နေ့ ၁၂း၃၀ နာရီမှ ၁၄း၅၅ နာရီထိ လူ့အခွင့်အရေးအသိပညာပေး ဘာသာရပ်သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါ သည်။ အဆိုပါသင်တန်းတွင် လူ့အခွင့်အရေးအခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည့် ဘာသာရပ် သင်ခန်းစာများ ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၈၃ ဦး၊ သင်တန်းသူ  ၃၇ ဦး  စုစုပေါင်းသင်တန်းသား ၁၂၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှသိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ်က ပြန်လည်ဖြေကြားခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် 

Recent News