ရန်ကုန်တိုင်းဒေသကြီး၊ မြောင်းတကာစက်မှုဇုန်၊ ရာရှင်းသံမဏိ၊ သံရည်ကျိုစက်ရုံမှ အလုပ် သမားများ၏ အခွင့်အရေးနှင့်စပ်လျဉ်း၍ ကွင်းဆင်းစုံစမ်းစစ်ဆေးမှု သတင်း

  • News

        ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုန်အတွင်းရှိ စက်ရုံ အမှတ် (၂၁၀)၊ ရာရှင်းသံမဏိ၊ သံရည်ကျိုစက်ရုံတွင် အလုပ်သမားများအား နံနက်စာ ကျွေးမည်ဟုဆိုသော်လည်း မကျွေးကြောင်း၊ တစ်နေ့ ၈ နာရီအလုပ်ချိန်အစား နံနက် ၇ နာရီမှ ၄ နာရီအထိ တစ်ဆက်တည်း ၉ နာရီကြာ လုပ်ကိုင်ရကြောင်း၊ အချိန်ပို လုပ်အားခကို လစာတွင် ထည့်သွင်း ပေးခြင်းမရှိကြောင်း၊ ယခင်ကအလုပ်သမား ၁၆ ဦးဖြင့် ၉ နာရီကြာ လုပ်ခဲ့ရသောအလုပ်တစ်ခုကို ယခုအလုပ်သမား ၈ ဦးဖြင့် အတင်းအကြပ်ခိုင်းစေခြင်းခံနေရကြောင်း စသည်တို့ကို မှော်ဘီမြို့နယ်သံမဏိ၊ သံရည်ကျို၊ ခဲ၊ သတ္တုလုပ်ငန်းဆိုင်ရာ အလုပ်သမား အဖွဲ့အစည်းက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းလာသည့် ကိစ္စနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်ဝင်း၊ ဒေါက်တာဉာဏ်ဇော်နှင့် ဒေါ်မြမြတို့သည် ကော်မရှင် ရုံးဝန်ထမ်းများလိုက်ပါလျက် ၁၆-၂-၂၀၁၆ ရက်နေ့တွင် ကွင်းဆင်းစုံစမ်းစစ်ဆေးခဲ့ပါသည်။

    စစ်ဆေးတွေ့ရှိချက်များအရ တိုင်တန်းချက်များမှာ မှန်ကန်ကြောင်း တွေ့ရှိရသဖြင့် စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုတိုက်တွန်းချက်များကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာစက်ရုံသို့ ပေးပို့ သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။