ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်အတွင်းရှိ မိုင်းယောင်း၊ မိုင်းဖြတ်၊ တာလေနှင့် တာချီလိတ်မြို့များတွင် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများ ကျင်းပ

  • News

    ပြည်သူလူထုအတွင်း လူအခွင့်အရေးဆိုင်ရာ အသိပညာများကို ကျယ်ပြန့်စွာ သိရှိနိုင်စေရန် ရည်ရွယ်၍  မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့က လူ့အခွင့်အရေးဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့ နေ့လည် ၁၂: ၀၀ နာရီ အချိန်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ခန်းမတွင် ကျင်းပခဲ့ရာ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ အရာရှိ အရာခံ အကြပ်စစ်သည်များ၊ ၊  နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ အရပ်ဘက်အဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်များနှင့် ပြည်သူလူထုများ စုစုပေါင်းအင်အား (၂၀၀) ဦး စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသည်။

    အလားတူ လူ့အခွင့်အရေးအကြောင်းသိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကို မိုင်းဖြတ်၊ တာလေနှင့် တာချီလိတ်မြို့များတွင်လည်း ကျင်းပပြုလုပ်ခဲ့ရာ စက်တင်ဘာလ  ၁၂ ရက် နံနက်  ၉:၀၀ အချိန်တွင် မိုင်းဖြတ်မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် လူ့အခွင့်အရေးအကြောင်း သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲတွင်  စုစုပေါင်းအင်အား (၂၀၇) ဦး၊ ယင်းနေ့ နေ့လယ် ၁၃:၀၀ နာရီတွင် တာလေမြို့ အခြေခံပညာအထက်ကျောင်းခန်းမ၌ စုစုပေါင်းအင်အား (၂၂၀) ဦး  နှင့် စက်တင်ဘာလ ၁၃ ရက် နံနက် ၉:၀၀ အချိန်တွင် တာချီလိတ်မြို့ အောင်မြတ်ခန်းမ၌ စုစုပေါင်း အင်အား (၃၃၁) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

    အဆိုပါ အခမ်းအနားများတွင် ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က လူ့အခွင့်အရေးဆိုင်ရာ အခြေခံအယူအဆများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်း ဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းကို လည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို  ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားခဲ့ပါသည်။

Recent News