လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ သင်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုစစ်ဆေးခြင်း

  • News

ငယ်စဉ်မှစတင်၍ ကလေးသူငယ်အခွင့်အရေးကို အပြည့်အဝ မခံစားခဲ့ရသည့် ကလေးများအနေဖြင့် လိုအပ်ချက်များစွာဖြင့် ကြီးပြင်းခဲ့ကြရပြီး ပြစ်မှုအမျိုးမျိုးကို ကျူးလွန်မိတတ်ကြပါသည်။ ပြစ်မှုကျူးလွန်သော ကလေးများသည်လည်း အခြားကလေးများနည်းတူ ကလေးသူငယ်အခွင့်အရေးများ ခံစားခွင့်ရှိသည့်အပြင် ပြစ်မှုနှင့် စပ်လျဉ်း၍ ထိရောက်သော ဥပဒေကာကွယ်မှုနှင့် ခုခံကာကွယ်ပိုင်ခွင့်များ၊ မျှတသည့် တရားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ရရှိခွင့်ရှိကြပါသည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့်လည်း ကော်မရှင် ဥပဒေနှင့်အညီ အကျဉ်းထောင်၊ အကျဉ်းစခန်း၊ အချုပ်စခန်းများနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းများသို့ သွားရောက်စစ်ဆေးလျက်ရှိရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဦးညွန့်တင်၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးသူရကျော်၊ (Child Desk) တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးနှင့် ကော်မရှင်ရုံးဝန်ထမ်းများ ပါဝင်သော အဖွဲ့သည် ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့တွင် သန်လျင်လူငယ်သင်တန်း ကျောင်းသို့လည်းကောင်း၊ မေလ ၁၀ ရက် နေ့တွင် အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြံ့) သို့လည်းကောင်း သွားရောက်၍ အမှုရင်ဆိုင်နေရသော ကလေးသူငယ်များနှင့် စပ်လျဉ်းပြီး ကလေးသူငယ်အခွင့်အရေးနှင့်အညီ ထိန်းသိမ်းထားရှိခြင်း၊ ချုပ်နှောင်ဖမ်းဆီးခြင်း၊ ခုခံချေပခွင့်ကိစ္စရပ်များ၊ အမှုရင်ဆိုင်သည့် ကာလ ကြန့်ကြာနေရခြင်း အခြေအနေများ၊ ပညာသင်ကြားခွင့်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ စစ်ဆေး တွေ့ရှိမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးသို့ အကြံပြု တိုက်တွန်းချက်များ ပေးပို့သွားမည် ဖြစ်ပါသည်။

သန်လျင်လူငယ်သင်တန်းကျောင်းတွင် တရားရုံးရင်ဆိုင်နေဆဲကလေးများ၊ လမ်းပျော်ကလေးများအား ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။ အမျိုးသမီးကလေးများ သင်တန်းကျောင်း (ထောက်ကြံ့) တွင် ခိုကိုးရာမဲ့ မိန်းကလေးငယ်များ၊ လိင်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသော ကလေးများကို ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။