လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် (ရန်ကုန်၊ ဇန်နဝါရီလ ၇ )
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်
ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏
လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေး ရည်ရွယ်လျက် လူ့အခွင့်အရေးဆိုင်ရာအသိပညာပေး
ဆွေးနွေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချမှုများ၊
စာအုပ်စာတမ်းများနှင့် သတင်းအချက်အလက်များ ဖြန့်ချိခြင်းတို့ကို ဆောင် ရွက်လျက်ရှိပါသည်။
ယခုအခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ
ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်း၊
ခရိုင်၊ မြို့နယ်များမှ အဖွဲ့ဝင်များအား လူ့အခွင့်အရေး အသိပညာ ဗဟုသုတများ
တိုးပွားလာစေရန်နှင့် ဘာသာပေါင်းစုံ၏ စုပေါင်းအားဖြင့် ပြည်သူ့အကျိုးပြု
လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ချစ်ကြည်ညီညွတ်စွာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည်ဟူသော
အဖွဲ့၏ ရည်ရွယ်ချက်ကို အထောက်အကူပြုနိုင်ရန်တို့ကို ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး
ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ၇-၁-၂၀၂၅ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်မှ
၁၇း၀၀ နာရီအချိန်ထိ Esperado Lake
View Hotel, Yangon ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါရှင်းလင်းဆွေးနွေးပွဲသို့
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန် နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း/ အမှုထမ်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့
(ဗဟို) မှ ဥက္ကဋ္ဌ ဦးဝဏ္ဏ၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသည့်
ဧည့်သည်များ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြား၍
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌမှ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး
ရှင်းလင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးခြင်းနှင့် စပ်လျဥ်း၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က လူ့အခွင့်အရေး အခြေခံအယူအဆ
အကြောင်းနှင့်စပ်လျဉ်း၍ လူ့အခွင့်အရေး၏ ကျယ်ပြန့်နက်ရှိုင်းသည့် အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊
လူ့အခွင့်အရေး၏ ဝိသေသလက္ခဏာများ၊ လူ့အခွင့်အရေး အမျိုးအစားများနှင့် လူ့အခွင့်အရေးဆိုင်ရာ သိသင့်သိထိုက်သည့်
အကြောင်းအရာများကိုလည်းကောင်း၊ ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း
ပေါ်ပေါက်လာပုံနှင့် ကြေညာစာတမ်းပါ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်တို့နှင့် စပ်လျဥ်းသည့်
အကြောင်းအရာများကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့်
လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်း ကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်း ဆွေးနွေးခဲ့ကြပြီး ရှင်းလင်းဆွေးနွေးပွဲကို
၁၇း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်