လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် (ရန်ကုန်၊ ဖေဖော်ဝါရီလ ၁၁ ရက်)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်
ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏
လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေး ရည်ရွယ်လျက် လူ့အခွင့်အရေးဆိုင်ရာအသိပညာပေး
ဆွေးနွေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချမှုများ၊
စာအုပ်စာတမ်းများနှင့် သတင်းအချက်အလက်များ ဖြန့်ချိခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ
၂၀၂၅ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုများအတွက်ရှေ့လုပ်ငန်းစဥ်မူဘောင်၊ နှစ်စဥ်
လုပ်ငန်းစီမံချက်တို့ကို အကောင်အထည်ဖော်သည့်အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (နေပြည်တော်) မှ အလုပ်အမှုဆောင်အဖွဲ့ဝင်များ
လူ့အခွင့်အရေး အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်နှင့် ဘာသာပေါင်းစုံ၏
စုပေါင်းအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ
ချစ်ကြည်ညီညွတ်စွာ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည်ဟူသော အဖွဲ့၏ ရည်ရွယ်ချက်ကို
အထောက်အကူပြုနိုင်ရန်တို့ကို ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး
ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ကော်မရှင်၏ဆောင်ရွက်ချက် တစ်ရပ်အဖြစ် ၁၁-၂-၂၀၂၅ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်မှ ၁၇း၀၀ နာရီအချိန်ထိ တိုင်းရင်းဆေး
ပညာဦးစီးဌာနခန်းမဆောင်၊ ပရဆေးဥယျာဥ်ခြံ၊ ပျဥ်းမနား-တောင်ညိုလမ်းမကြီး၊ နေပြည်တော်
ကောင်စီနယ်မြေ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်အဖွဲ့ဝင်များ၊ အရာထမ်း/ အမှုထမ်းများ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) မှ ဥက္ကဋ္ဌ
ဦးဝဏ္ဏနှင့် ဘာသာပေါင်း စုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (နေပြည်တော်) မှ ဥက္ကဋ္ဌ ဦးမျိုးအောင်၊ ဒုတိယဥက္ကဋ္ဌများ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်
ဖိတ်ကြားထားသည့်ဧည့်သည်များ စုစုပေါင်း (၁၀၀) ဦးခန့် တက်ရောက် ခဲ့ကြပါသည်။
အဆိုပါရှင်းလင်းဆွေးနွေးပွဲ၏ ဖွင့်ပွဲအခမ်းအနားတွင်
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင် ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြား၍
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (နေပြည်တော်) ဥက္ကဋ္ဌမှ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ
ကျင်းပပြုလုပ်ပေးခြင်းနှင့်စပ်လျဥ်း၍ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး
ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေးအခြေခံအယူအဆအကြောင်းနှင့်စပ်လျဉ်း၍
လူ့အခွင့်အရေး၏ ကျယ်ပြန့်နက်ရှိုင်းသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊
လူ့အခွင့်အရေး၏ ဝိသေသလက္ခဏာများ၊ လူ့အခွင့်အရေး အမျိုးအစားများနှင့် လူ့အခွင့်အရေးဆိုင်ရာ သိသင့်သိထိုက်သည့်
အကြောင်းအရာများ၊ ကမ္ဘာ့လူ့အခွင့်
အရေးကြေညာစာတမ်း ပေါ်ပေါက်လာပုံနှင့် ကြေညာစာတမ်းပါ လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်တို့နှင့်စပ်လျဥ်းသည့် အကြောင်းအရာများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး
ဒေါ်မိမိခိုင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက်
တက်ရောက်လာသူများမှ မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ကြပြီး
ရှင်းလင်းဆွေးနွေးပွဲကို ၁၇း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


