လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ် (ရန်ကုန်၊ မတ်လ ၁၁)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်
ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အများပြည်သူ၏
လူ့အခွင့်အရေး အသိပညာ မြင့်မားလာစေရေး ရည်ရွယ်လျက် လူ့အခွင့်အရေးဆိုင်ရာအသိပညာပေး
ဆွေးနွေးဟောပြောပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်ခန်းစာပို့ချမှုများ၊
စာအုပ်စာတမ်းများနှင့် သတင်းအချက်အလက်များ ဖြန့်ချိခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် မူးယစ်ဆေးစွဲသူများ
ပြန်လည်ထူထောင်ရေးအသင်း (မြန်မာ) ဗဟိုမှ သင်တန်းသားများအား လူ့အခွင့်အရေး အသိပညာ ဗဟုသုတများ
တိုးပွားလာစေရန်ရည်ရွယ်၍ လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲတစ်ရပ်ကို ၁၁-၃-၂၀၂၅ ရက်နေ့၊ ၀၉း၃၀ နာရီအချိန်တွင်
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်ရှိ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း
(မြန်မာ) ဗဟိုအသင်းရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်မှ ဒုတိယညွှန်ကြားရေးမှူး
ဒေါ်မိမိခိုင်က လူ့အခွင့်အရေး အခြေခံအယူအဆအကြောင်း၊ လူသားတစ်ဦးချင်း၏
အခွင့်အရေး နှင့်တာဝန်များအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများ
ပြန်လည်ထူထောင်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ စံနှုန်းများအကြောင်းနှင့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအကြောင်းတို့ကို
လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး
ဦးကောင်းခန့်ဇင်က
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ အဆိုပါ
ရှင်းလင်းဆွေးနွေးပွဲတွင် မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေးအသင်း (မြန်မာ)
ဗဟိုမှ သင်တန်းသားများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများမှ
မေးခွန်းများမေးမြန်းဆွေးနွေးခဲ့ကြပြီး ရှင်းလင်းဆွေးနွေးပွဲကို ၁၁း၃၀ နာရီအချိန်တွင်
ရုပ်သိမ်းခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


