လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲကျင်းပ

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးအသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန်ရည်ရွယ်ပြီး လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ် (၂) ကို ၂၀၁၉ခုနှစ် မတ်လ ၂၅ ရက်နေ့မှ ဧပြီလ ၈ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်း၏ သင်တန်းဆင်းပွဲကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး တည်ရှိရာ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို၌ ဧပြီလ ၈ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ သင်တန်းသို့ အနယ်နယ်အရပ်ရပ်မှ သင်တန်းသားများတက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးနှင့်သက်ဆိုင်သည့် ဘာသာရပ် (၁၈) ခု သင်ကြားပို့ချခဲ့ပါသည်။ သင်တန်းဆင်းပွဲမတိုင်ခင် မေးခွန်းများ မေးမြန်းခြင်းအပိုင်းတွင် သင်တန်းသားများမှ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် (၁၅) နှင့် စပ်လျဉ်း၍လည်းကောင်း၊ တရားရုံး တွင် တရားရှုံးသွားသည့်အခါ ကော်မရှင်ကို တိုင်တန်းလို့ ရ/မရနှင့် အလုပ်ခေါ်ယူရေး အလုပ်လျှောက်လွှာများတွင် အသက် (၂၅) နှစ် အထက်ကျော်လွန်ပါက အလုပ်ခန့်ထားမှုမရှိခြင်းကြောင့် အလုပ်အကိုင်လျှောက်ထားရာတွင် အခက်အခဲများရှိနေပါကြောင်းစသည့် မေးခွန်းများကိုမေးမြန်းခဲ့ရာ ကော်မရှင် ဒုတိယဥက္ကဋ္ဌ နှင့် ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်တို့မှ ပြန်လည်ဖြေကြားခဲ့ပါသည်။ ၎င်းနောက် သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးဖြစ်သူ ဦးမင်းကျော်ဝေမှ ကျေးဇူးတင်စကားပြောကြားရာတွင် သင်တန်းသားများအနေနှင့် ယခင်က လူ့အခွင့်အရေး ဗဟုသုတနှင့် စပ်လျဉ်းပြီး သိရှိထားမှုနည်းပါခဲ့ပါကြောင်း၊ သို့သော်လည်း သင်တန်းတက်ရောက်ပြီးနောက်ပိုင်း လူ့အခွင့်အရေး ဗဟုသုတများစွာ တိုးတက်လာသည့်အတွက် အချိန်ပေးပြီး သင်တန်းဖွင့်လှစ်ပေးသည့် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းတာဝန်ရှိသူများအား သင်တန်းသူ /သားများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်သည့် ဦးယုလွင်အောင်၊ ဦးခင်မောင်လေး၊ ဦးညွှန့်တင်နှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့မှ သင်တန်းသူ/သား (၄၇) ဦးတို့အား သင်တန်းဆင်းလက်မှတ် ပေးအပ်ခဲ့ကြပြီး သင်တန်းဆင်းပွဲအခမ်းအနားအား နံနက် (၉)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

Recent News