လူ့အခွင့်အရေးအခြေခံသင်တန်း အမှတ်စဉ်(၃) သင်တန်းဆင်းပွဲကျင်းပ

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးအသိပညာများ ပြည်သူလူထုအတွင်း ပြန့်ပွားစေရန် ရည်ရွယ်ပြီး လူ့အခွင့်အရေး အခြေခံသင်တန်း အမှတ်စဉ် (၃) ကို ၂၀၁၉ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်း၏ သင်တန်းဆင်းပွဲကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး တည်ရှိရာ အမှတ်(၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို၌ မေလ ၁၃ ရက်နေ့တွင် ကျင်းပခဲ့ပါသည်။ သင်တန်းသို့ အနယ်နယ်အရပ်ရပ်မှ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး လူ့အခွင့်အရေးနှင့် သက်ဆိုင်သည့် ဘာသာရပ် (၁၆) ခု သင်ကြားပို့ချခဲ့ပါသည်။

၂။       သင်တန်းဆင်းပွဲမတိုင်ခင် မေးခွန်းများ မေးမြန်းခြင်းအပိုင်းတွင် သင်တန်းသားများက ယင်းတို့ သိရှိလိုသည့် လူ့အခွင့်အရေးဆိုင်ရာ မေးခွန်းများ ဆွေးနွေးမေးမြန်းခဲ့ပြီး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်လေးတို့က ပြန်လည်ဖြေကြားခဲ့ပါသည်။ ယင်းနောက် သင်တန်းသားများ ကိုယ်စား သင်တန်းသားတစ်ဦးဖြစ်သူ ဦးကျော်မြင့်မှ ကျေးဇူးတင်စကားပြောကြားရာတွင် သင်တန်းသားများအနေနှင့် ယခင်က လူ့အခွင့်အရေးဗဟုသုတနှင့် စပ်လျဉ်းပြီး သိရှိထားမှုနည်းပါးခဲ့ပါကြောင်း၊ သို့သော်လည်း သင်တန်းတက်ရောက်ပြီးနောက်ပိုင်း လူ့အခွင့်အရေး ဗဟုသုတများစွာ တိုးတက်လာသည့်အတွက် အချိန်ပေးပြီး သင်တန်းဖွင့်လှစ်ပေးသည့် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းတာဝန်ရှိသူများအား သင်တန်းသူ/သားများကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

၃။      ဆက်လက်၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က သင်တန်းအပြီး ဆန်းစစ်တွင် ဆုရရှိသူများအား လည်းကောင်း၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးနှင့် ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဘုန်းကြွယ်တို့က သင်တန်းသူ/သား (၅၁) ဦးတို့အားလည်းကောင်း သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်းဆင်းပွဲ အခမ်းအနားအား နံနက် (၉)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

Recent News