လူ့အခွင့်အရေးအဆင့်မြင့်သင်တန်း အမှတ်စဉ် (၁) သင်တန်းဖွင့်လှစ်ခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လူ့အခွင့်အရေးကို မှန်ကန်စွာသိရှိနားလည်လာပြီး လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များအပေါ် လေးစားလိုက်နာ ကျင့်သုံးလာနိုင်စေရန်၊ နိုင်ငံသားတိုင်း လူ့အခွင့်အရေးများကို လေးစားလိုက်နာကျင့်သုံးခြင်းဖြင့် လူ့အခွင့်အရေးစံနှုန်းများမြင့်မားသော လူ့ဘောင်ပေါ်ထွန်းလာစေရန်နှင့် လူ့အခွင့်အရေးအသိပညာပြန့်ပွားရေးတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်ရည်ရွယ်၍ လူ့အခွင့်အရေး အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁) ကို ကော်မရှင်ရုံးတည်ရှိရာ အမှတ် (၂၇)၊ ၆ မိုင်ခွဲ၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့တွင် ၂၇-၅-၂၀၁၉ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အဆင့်မြင့်သင်တန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် သင်တန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းက သင်တန်းဆိုင်ရာ သိသင့်သည့်အချက်များ ရှင်းလင်းပြောကြားကြပါသည်။ ဖွင့်ပွဲအခမ်းအနားပြီးနောက်တွင် ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် သင်တန်းသူ/သား အားလုံးစုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကြပါသည်။ သင်တန်းကာလမှာ ၄ ပတ် ကြာမြင့်မည်ဖြစ်ပြီး သင်တန်းချိန်မှာ နံနက် ၇:၀၀ နာရီမှ ၉:၀၀ နာရီ အထိ ဖြစ်ပါသည်။ အဆိုပါ သင်တန်းသို့ လူ့အခွင့်အရေး အခြေခံသင်တန်း တက်ရောက်ပြီးသည့်  အမှတ်စဉ် ၁ မှ (၁၁) ဦး၊ အမှတ်စဉ် ၂ မှ (၂၁) ဦးနှင့် အမှတ်စဉ် ၃ မှ (၂၄) ဦး၊ စုစုပေါင်း ၅၆ ဦးတို့သည် ၂၁-၆-၂၀၁၉ ရက်နေ့အထိ တက်ရောက် သွားမည်ဖြစ်ပါသည်။ သင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏ အခြေခံအခွင့်အရေးများအား UDHR နှင့် နှိုင်းယှဉ်လေ့လာခြင်း၊ ကမ္ဘာ့နိုင်ငံများ၏ လူ့အခွင့်အရေးများအား ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (UPR) နှင့် မြန်မာနိုင်ငံ၊ SDGs နှင့် လူ့အခွင့်အရေးစသည့် ဘာသာရပ်များအပါအဝင် စုစုပေါင်း ဘာသာရပ် (၁၅) ခုကို ကော်မရှင်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းမှ ဘာသာရပ် ကျွမ်းကျင်သူများက ပို့ချသွားမည်ဖြစ်ပါသည်။ သင်တန်းတွင် Group Discussion နှင့် Field Trip အစီအစဉ်များလည်း ပါဝင်မည်ဖြစ်ပြီး သင်တန်းကြေးမှာ အခမဲ့ဖြစ်ပါသည်။