လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း

  • News

    လွတ်လပ်စွာရေးသားထုတ်ဖော်ပြောဆိုခွင့်သည် လူ့အခွင့်အရေး၏ တန်ဖိုးတစ်ရပ်ဖြစ်သကဲ့သို့ ဒီမိုကရေစီ၏ အုတ်မြစ်တစ်ရပ်လည်း ဖြစ်ပါသည်။ သတင်းအချက်အလက် ရပိုင်ခွင့်သည် အီလက်ထရွန်းနစ် မီဒီယာဖွံ့ဖြိုးလာမှုနှင့်အတူ ဒစ်ဂျစ်တယ် အခွင့်အရေးသည်လည်း အရေးကြီးသော အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်လာပြီဖြစ်ပါသည်။

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် Pen Myanmar အဖွဲ့၊ ပြည်ကြီးခင်အဖွဲ့တို့ ပူးပေါင်း၍ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုခွင့်နှင့် သတင်းအချက်အလက် ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Park Royal Hotel တွင် ၄-၃-၂၀၂၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ကိုယ်စား ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့် တက်ရောက်၍ နှုတ်ခွန်းဆက် အမှာစကား ပြောကြားပါသည်။ ဆက်လက်ပြီး Pen Myanmar ဥက္ကဋ္ဌ ဆရာညီပုလေးက နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာသန်းမြင့်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်း နှင့် ကော်မရှင်ရုံးဝန်ထမ်းများ၊ နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနှင့် ဝန်ကြီးဌာနမှ အရာရှိကြီးများ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူများ၊ Pen Myanmar နှင့် ပြည်ကြီးခင်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြပြီး Article 19၊ သတင်းအချက်အလက်ရပိုင်ခွင့်ဆိုင်ရာ ဥပဒေကြမ်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ ပြည်သူဆက်ဆံရေးနှင့် သတင်းအချက် အလက်ရပိုင့်ဆိုင်ရာ အကြောင်းတို့ကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ Pen Myanmar နှင့် ပြည်ကြီးခင်အဖွဲ့တို့မှ တာဝန်ရှိသူများက ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက အဆိုပါ ဆွေးနွေးမှုများ အပေါ် အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၅-၃-၂၀၂၀ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။

Recent News