လှိုင်သာယာမြို့နယ်တွင် ရာအိမ်မှူး (၂) ဦး အပါအဝင် (၄) ဦးတို့က မတရားခြိမ်းခြောက် ငွေတောင်းခံသည်ဟုဆိုကာ အမှုဖွင့်စဉ် ရဲတပ်ဖွဲ့ဝင်များမှ နှိပ်စက်ဝန်ခံခိုင်းခြင်းကိစ္စ

  • News

        ၂၇-၁-၂၀၁၆ နေ့စဉ်ထုတ် Daily Eleven ဂျာနယ်တွင် လှိုင်သာယာမြို့နယ် (၅) ရပ်ကွက်ရှိ   ရာအိမ်မှူးနှစ်ဦးအပါအဝင် လေးဦးက မတရားခြိမ်းခြောက် ငွေတောင်းခံသည်ဟုဆိုကာ ရပ်ကွက်နေ ပြည်သူများက လှိုင်သာယာမြို့မရဲစခန်းတွင် တိုင်တန်း အမှုဖွင့်ခဲ့ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးချက်များကို ရာအိမ်မှူးများ၏ မိသားစုဝင်များက ၂၆-၁-၂၀၁၆ နေ့တွင် ကျောက်တံတားမြို့နယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း၊ ထိုရှင်းလင်ပွဲတွင် ရာအိမ်မှူး ဦးစန်းလွင်၏ သားဖြစ်သူ ဦးမျိုးမြင့်နိုင်က ၎င်းတို့၏ဖခင် ရာအိမ်မှူးကို လူမိုက်များက ခြိမ်းခြောက်ခေါ်ဆောင်၍သာ လိုက်ပါခဲ့ရကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ရာအိမ်မှူးများကို ညှဉ်းပန်းနှိပ်စက်ပြီး ဝန်ခံခိုင်းသည့်အပြင် ဦးစန်းလွင်နှင့် ဦးဝင်းနိုင်တို့၏ ပေါင်ကိုဓားဖြင့် ထိုးကြောင်း၊ မျက်နှာတွင်လည်း ဖူးရောင်နေကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

     ထို့ကြောင့် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က စုံစမ်းမေးမြန်းခဲ့ရာ ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ (၂၄-၁-၂၀၁၆) ရက်နေ့ ၁၄:၀၀ အချိန်ခန့်တွင် အထက်ပါအမှုနှင့် ပတ်သက်၍ လူမိုက် ကျော်ဝင်းစိန်နှင့် ငှက်ပျောသီး (ခ) နိုင်မင်းသူတို့အား ဖမ်းဆီးရမိပြီး စစ်ဆေးခဲ့ကြောင်း၊ ငှက်ပျောသီး (ခ) နိုင်မင်းသူက ၎င်းနှင့်အတူ မိုက်ကြေးခွဲ ​ငွေတောင်းခံရာတွင် ရာအိမ်မှူး ဦးစန်းလွင်၊ ရာအိမ်မှူး ဦးဝင်းနိုင် (ခ) ဗလကြီးနှင့် ဆယ်အိမ်မှူး ဦးကျော်ဦးတို့ ၃ ဦး ပါဝင်သည်ဟု ထွက်ဆိုခဲ့ကြောင်း၊ ဒုရဲအုပ်ကျော်ခိုင်သက်၊ ရဲတပ်ကြပ် စိန်မြ၊ ရဲတပ်ကြပ် ကျော်လွင်တို့က ဦးစန်းလွင်၊ ဦးဝင်းနိုင် (ခ) ဗလကြီး နှင့် ဦးကျော်ဦးတို့အား ရဲစခန်းသို့ ခေါ်ဆောင်၍ အမှုစစ်အခန်းတွင် စစ်ဆေးရာ ငြင်းကွယ်ထွက်ဆိုနေ၍ စည်းရုံးစစ်ဆေးခြင်း၊ ခြောက်လှန့်စစ်ဆေးခြင်း တို့ကိုသာ ပြုလုပ်ခဲ့ပြီး ရိုက်နှက်ထိုးကြိတ်ခြင်း၊ ဓါးဖြင့်ထိုးခြင်းတို့ မပြုလုပ်ခဲ့ကြောင်း၊ အမှုစစ်အခန်းတွင် CCTV တပ်ဆင်ထားကြောင်း၊ ငှက်ပျောသီး (ခ) နိုင်မင်းသူ နှင့်အတူ ၎င်းတို့ ၃ ဦးအား ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၈၆/ ၁၁၄ ဖြင့် အမှုဖွင့်လှစ် အရေးယူ ခဲ့ကြောင်း၊ ၎င်းတို့ ၃ ဦးအား ညှဉ်းပန်းနှိပ်စက်ပြီး စစ်ဆေးပါက ဒဏ်ရာများ ရှိမည်ဖြစ်ကြောင်း၊ ၂၅-၁-၂၀၁၆ ရက်နေ့နှင့် ၅-၂-၂၀၁၆ ရက်နေ့တွင် တရားရုံး၌ ရမန်ယူစဉ် ဒဏ်ရာများမရှိကြောင်း ပြန်ကြားခဲ့ပါသည်။

        ထို့ပြင် အမှုမှ ဖမ်းဆီးခံရသူ ဦးစန်းလွင်၊ ဦးဝင်းနိုင် (ခ) ဗလကြီးနှင့် ဦးကျော်ဦးတို့ ၃ ဦး ၏ ထွက်ဆိုချက်များအရ လည်းကောင်း၊ စစ်ဆေးစဉ် CCTV မှတ်တမ်းများအရလည်းကောင်း၊ ၎င်းတို့ ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများမတွေ့ရှိရခြင်း တို့ကြောင့်လည်းကောင်း၊ ဦးစန်းလွင် ပါ ၃ ဦးအား မတရားနှိပ်စက်၍ ဝန်ခံခိုင်းသည်ဆိုခြင်းမှာ မှန်ကန်မှုမရှိကြောင်း စိစစ်သိရှိရပါသည်။

 

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်