သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ (မရမ်းကုန်း) ၌ သင်ခန်းစာသွားရောက်ပို့ချ
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်သည် ကော်မရှင်ဥပဒေပုဒ်မ ၂၂ ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို
ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်း ညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ်မူဘောင်ပါ ပန်းတိုင်၊
ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကိုရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံးမှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်သည် သက်ကြီးရွယ်အိုများ နေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ
(မရမ်းကုန်း) တွင် ဖွင့်လှစ်လျက်ရှိသည့်
“သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်သူ (Care
Giver) သင်တန်းအမှတ်စဉ် (၂၀)” သို့ ၈-၉-၂၀၂၆ ရက်နေ့၊ ၀၉း၀၀
နာရီမှ ၁၆း၀၀ နာရီအချိန်ထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါသင်တန်းတွင် သက်ကြီးပုဂ္ဂိုလ်ပြုစုစောင့်ရှောက်သူများသည်
ဘိုးဘွားများ၏ ကျန်းမာရေးသာမက
၎င်းတို့၏ လူသားဂုဏ်သိက္ခာကိုပါ စောင့်ရှောက်သူများဖြစ်ကြောင်း သိရှိ နားလည်စေရန်ရည်ရွယ်၍
လူ့အခွင့်အရေးအခြေခံ အယူအဆများအကြောင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊
သက်ကြီးပုဂ္ဂိုလ်များဆိုင်ရာ အခွင့်အရေးအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များအကြောင်းတို့ကို
ဆွေးနွေးပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား
၅ ဦး၊ သင်တန်းသူ ၁၈ ဦး၊ စုစုပေါင်း ၂၃ ဦး တက်ရောက်ခဲ့ကြပြီး သိရှိလိုသည့်မေးခွန်းများကို
မေးမြန်းခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးကောင်းခန့်ဇင်က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်