သာယာဝတီဗဟိုအကျဉ်းထောင်နှင့် ဒိုက်ဦးဗဟိုအကျဉ်းထောင်တို့အား ကြည့်ရှုစစ်ဆေးခြင်း
၁။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်မှ အဖွဲ့ဝင်ဦးကျော်စိုးနှင့် ဦးတင်အောင်တို့
ဦးဆောင်သောကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၆-၆-၂၀၂၁ရက်နေ့တွင်
သာယာဝတီဗဟိုအကျဉ်းထောင် အားလည်းကောင်း၊ အဖွဲ့ဝင်ဦးကျော်စိုး၊
ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၂၄-၆-၂၀၂၁ ရက်နေ့တွင် ဒိုက်ဦးဗဟိုအကျဉ်းထောင်အားလည်းကောင်း
သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ
အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့်
အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု
အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု ရှိ မရှိ၊ ထောင်ဝင်စာတွေ့ဆုံရာတွင်
အခက်အခဲများ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ
မရှိနှင့် အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှု
ရှိ မရှိတို့ကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများနှင့် တွေ့ဆုံကာ
ယင်းတို့၏ တင်ပြချက်များကို မှတ်တမ်းတင်ခဲ့ပါသည်။
၃။ ဗဟိုအကျဉ်းထောင်များကို
ဝင်ရောက်၍ ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ Quarantine ထားရှိသည့် အဆောင်များ၊ တိုက်ခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့်
သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကိုလည်းကောင်း၊ လတ်တလော
ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ကာကွယ် ရေးနှင့်စပ်လျဉ်း၍
ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၄။ ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်များအတွင်း
စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက်
သက်ဆိုင်ရာသို့ အကြံပြုပေးပို့သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်




