အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်း၊ ရဲစခန်း၊ တရားရုံးနှင့် ဆေးရုံအချုပ်ခန်းတို့ အား ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့် နှင့် ဦးကျော်စိုးတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၁၉-၈-၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ အချုပ်ထောင်၊ ရဲစခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို လည်းကောင်း၊ ၂၀-၈-၂၀၂၀ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ အကျဉ်းထောင်၊ လက္ခဏစိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်း၊ တရားရုံး၊ ဆေးရုံအချုပ်ခန်းများကို လည်းကောင်း၊ ၂၁-၈-၂၀၂၀ ရက်နေ့တွင် ဘားအံမြို့မရဲစခန်းအချုပ်ခန်းနှင့် မာလာဖူး ကုန်ထုတ်စခန်းများအားလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 ၂။      ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင် ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသားများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသား တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများ ဖြစ်သော ထောင်ဝင်စာ တွေ့ဆုံရာတွင် အခက်အခဲ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိ မရှိ၊ ကျန်းမာရေး စောင့်ရှောက်မှု ရှိ မရှိ၊ အကျဉ်းထောင် အတွင်း ညှဉ်းပန်းနှိပ်စက်မှုရှိ မရှိနှင့် နေထိုင် စားသောက်မှု အခြေအနေများစသည့် အခြေခံ လူ့အခွင့်အရေး အခြေအနေများကို မေးမြန်းမှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်း တွေ့ဆုံလိုသူ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူများနှင့် တွေ့ဆုံကာ မှတ်တမ်းတင်ခဲ့ကြပါသည်။

၃။      အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းများကို ဝင်ရောက်ကာ အကျဉ်းသား အိပ်ဆောင်များ၊ တိုက်ခန်းများ၊ ဆေးရုံဆောင်များ၊ စားဖိုကြီး၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများနှင့် လတ်တလော ဖြစ်ပွားလျက်ရှိသော Covid-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်၍ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

 

၄။      ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ပေးပို့ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

                                                                                                                                             မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News