အကျဥ်းဦးစီးဌာန (နေပြည်တော်) ၌ သင်ခန်းစာ သွားရောက်ပို့ချ (၆-၇-၂၀၂၆)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည်ကော်မရှင်ဥပဒေပုဒ်မ ၂၂ (က) ပါ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများ အစဉ်တစိုက်ဆောင်ရွက်လျက်ရှိပါသည်။ ကော်မရှင်သည် လုပ်ငန်းလမ်းညွှန်အဖြစ် ရေးဆွဲထားသော ရှေ့လုပ်ငန်းစဉ် မူဘောင်ပါ ပန်းတိုင်၊ ရည်မှန်းချက်များနှင့်အညီ နှစ်အလိုက် လုပ်ငန်းစီမံချက်ကိုရေးဆွဲ၍ လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိပါသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်သည် အကျဥ်းဦးစီးဌာန၊ ရုံးအမှတ် (၄၉) နေပြည်တော်တွင် ဖွင့်လှစ်လျက်ရှိသော ဒုတိယကြီးကြပ်ရေးမှူး သင်တန်းအမှတ်စဉ် (၁၆) သို့ ၆-၇-၂၀၂၆ ရက်နေ့တွင် ၁၂:၀၀ နာရီမှ ၁၆:၀၀ နာရီ အချိန်အထိ လူ့အခွင့်အရေးဆိုင်ရာ သင်ခန်းစာများ သွားရောက်ပို့ချခဲ့ပါသည်။ အဆိုပါ သင်တန်း၌ အကျဉ်းဦးစီးဌာန၏ ရည်မှန်းချက်တာဝန်အရ လုပ်ငန်းများဆောင်ရွက်ရာတွင် အကျဉ်းသားများ၏ အခြေခံရပိုင်ခွင့် နှင့် လူသားဂုဏ်သိက္ခာကို လေးစားတတ်စေရန် ရည်ရွယ်၍ လူ့အခွင့်အရေး အခြေခံအယူအဆများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များ စသည့်သင်ခန်းစာများကို ပို့ချခဲ့ပါသည်။ သင်တန်းတွင် သင်တန်းသား ၃၀ ဦး၊ သင်တန်းသူ ၁၀ ဦး စုစုပေါင်းသင်တန်းသား ၄၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းသားများမှ သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိမိခိုင်က ပြန်လည်ဖြေကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်