အခြေခံပညာကျောင်းများတွင် လူ့အခွင့်အရေးဘာသာရပ်ကို သင်ရိုးညွှန်းတမ်း ထည့်သွင်းရေးဆွဲ နိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျှက်ရှိ

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် အခြေခံပညာကျောင်းများတွင် လူ့အခွင့်အရေး သင်ရိုးညွှန်းတမ်း ထည့်သွင်းရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနနှင့် စတင်ညှိနှိုင်းဆောင်ရွက်လျှက်ရှိပါသည်။ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းတို့သည် ၂၀၁၆ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် ရန်ကုန်မြို့ သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာနတွင် သွားရောက်တွေ့ဆုံခဲ့ပြီး အခြေခံပညာကျောင်းများတွင် လူ့အခွင့်အရေးသင်ရိုး ညွှန်းတမ်းထည့်သွင်းရေးဆွဲနိုင်ရေးမူအားဖြင့် သဘောတူညီမှု ရရှိခဲ့ပါသည်။

၂။       အဆိုပါ သဘောတူညီမှုရရှိခဲ့ပြီးနောက် ကော်မရှင်အဖွဲ့ဝင် ဒေါက်တာမြင့်ကြည်နှင့် ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်းတို့သည် ၂၀၁၆ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် ပညာရေးသုတေသနဦးစီးဌာန၊ ရန်ကုန်ရုံးခွဲတွင် ပညာရေးဝန်ကြီးဌာနမှ ဒေါက်တာမြင့်သိန်းဦးစီးသည့် အဖွဲ့နှင့် သင်ရိုးညွှန်းတမ်းပြုစုရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့ကြပါသည်။ ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ ဒေါက်တာမြင့်ကြည်၊ ဒေါက်တာ ဒေါ်သန်းနွဲ့နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုး တို့ပါဝင်သော ကော်မရှင်အဖွဲ့သည် သင်ရိုးညွှန်းတမ်းတွင် လူ့အခွင့်အရေးသင်ခန်းစာ ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးများကို ပုံမှန်အကြိမ်ကြိမ် ပြုလုပ်လျှက်ရှိပါသည်။ လက်ရှိတွင် ဒုတိယတန်းမှစတင်၍ ထည့်သွင်းနိုင်ရေးအတွက် ဦးစားပေး စတင်ဆောင်ရွက်လျက်ရှိပါသည်။

၃။      ကော်မရှင်အနေဖြင့် သင်ရိုးညွှန်းတမ်းတွင် လူ့အခွင့်အရေး ဘာသာရပ်ထည့်သွင်းနိုင်ရေးအတွက် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏ အကြံပြုချက်များ ရယူထည့်သွင်းရေးဆွဲနိုင်ရန် ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် ညှိနှိုင်းအစည်းအဝေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Recent News