အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် စတင်ဖွဲ့စည်းခဲ့သည့် အချိန်မှစ၍ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းများကို တစ်နှစ်ထက်တစ်နှစ် အရှိန်အဟုန် ပိုမိုမြှင့်တင်ဆောင်ရွက်ခဲ့ပါသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်မည့် “လူ့အခွင့်အရေးနေ့”ကို ကြိုဆိုသောအားဖြင့် လူ့အခွင့်အရေးနေ့ အခမ်းအနားတစ်ရပ်ကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Panda Hotel ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ ယင်းနောက် အခမ်းအနားတက်ရောက်လာသော ရန်ကုန်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ ကိုယ်စား Officer of the High Commissioner for Human Rights (OHCHR) မှ Senior Human Rights Officer Mr. Andrew MacGrergo နှင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများကိုယ်စား Equality Myanmar မှ Executive Director ဦးအောင်မျိုးမင်းတို့က လူ့အခွင့်အရေးနှင့်ပတ်သက်၍ အမှာစကားများ အသီးသီးပြောကြားခဲ့ကြသည်။

၂။      ထို့နောက် လူ့အခွင့်အရေးနေ့အထိမ်းအမှတ်အဖြစ် “အားလုံးအတွက်လူ့အခွင့်အရေး” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့်အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း အဆင့်စာစီစာကုံး ပြိုင်ပွဲမှ ဆုရရှိသည့် ကျောင်းသူ/ကျောင်းသားများအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။ ယင်းနောက် ဆုရရှိသည့် ကျောင်းသူနှစ်ဦးက အားလုံးအတွက်လူ့အခွင့်အရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ILBC မှ ကျောင်းသူတစ်ဦးက ကလေးသူငယ်နှင့် လူ့အခွင့်အရေးခေါင်းစဉ်ကို အင်္ဂလိပ် ဘာသာဖြင့် လည်းကောင်းအသီးသီးတင်ပြခဲ့ကြပြီး ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အပိုဒ် ၂၆ နှင့် ပတ်သက်သည့် ရုပ်သံဇာတ်လမ်းတိုအား ပြသ၍ အခမ်းအနားပြီးဆုံးခဲ့သည်။

၃။      အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးတရားလွှတ်တော်ချုပ်၊တိုင်းဒေသကြီးဥပဒေချုပ်နှင့် တာဝန် ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များ၊ ကုလသမဂ္ဂအဖွဲ့အစည်း များမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ NGO များနှင့် CSO များ၊ Mediaများ၊ စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၁၉၈) ဦး တက်ရောက်ခဲ့သည်။

၄။      အခမ်းအနားပြီးနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဧည့်သည်များသည် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၏ လှုပ်ရှားမှုဓါတ်ပုံပြခန်းနှင့် အခမ်းအနား တက်ရောက်လာသူများ ရေးသားထားကြသော လူ့အခွင့်အရေးပေါ်ထားရှိသည့် ကိုယ်ပိုင်အမြင်များအား လှည့်လည် ကြည့်ရှုလေ့လာခဲ့ ကြပါသည်။