အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ်လုပ်ငန်း အဖွဲ့အစည်းအဝေး ကျင်းပ
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က
အဖွဲ့ဝင်အဖြစ် ပါဝင်သည့် အရှေ့တောင် အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့
အစည်းများဖိုရမ်(Southeast Asia National Human Rights
Institutions Forum-SEANF)၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို
Video Conferencing စနစ် အသုံးပြု၍ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ
၂၅ ရက်နေ့မှ ၂၇ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပ ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း နှင့်
ကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ
တင်မောင်မောင်သန်းတို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ အစည်းအဝေး ပထမနေ့တွင် ၂၀၂၀
ပြည့်နှစ်အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက် လျက်ရှိသော အင်ဒိုနီးရှားနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါသည်။ အစည်းအဝေးတွင်
အခြား ဖိုရမ်အဖွဲ့ဝင်များဖြစ်သည့် မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင် နိုင်ငံ၊
ထိုင်းနိုင်ငံနှင့် တီမောလက်စ်တေ နိုင်ငံတို့မှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်း
ကိုယ်စားလှယ်များ၊ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး
ကော်မရှင်ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြ သည်။
အစည်းအဝေး
ပထမနေ့တွင် အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌက
အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြား ခြင်း၊ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ ရက်နေ့မှ ၁၄
ရက်နေ့အထိ ကျင်းပခဲ့သော ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေး အစီရင်ခံစာနှင့်
စပ်လျဉ်း၍ တက်ရောက်သည့် ကိုယ်စားလှယ်အဖွဲ့များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုခြင်း၊
ထို့နောက် ဖိုရမ်အဖွဲ့ဝင် နိုင်ငံများက ဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့
အစည်းအဝေးနောက်ပိုင်း ဖိုရမ်အဖွဲ့ဝင် နိုင်ငံများ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်
ဆောင်ရွက်နိုင်မှုများကို ကိုယ်စားလှယ်အဖွဲ့များက တင်ပြဆွေးနွေးခြင်းများ ပြုလုပ် ခဲ့ကြပါသည်။
ဒုတိယနေ့
လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့တွင် ဆက် လက်ကျင်းပခဲ့ရာ
အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (SEANF)
၏ social media အသုံးပြုမှု လမ်းညွှန်ချက်များ
ချမှတ်ရေးနှင့် စပ်လျဉ်း သည့် ကိစ္စရပ်များ၊ SEANF ၏ ညှဉ်းပန်းနှိပ်စက်မှု တိုက်ဖျက်ရေး
လမ်းညွှန်ချက်များနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ အရှေ့တောင် အာရှဒေသအတွင်း
ရွှေ့ပြောင်းလုပ်သားများနှင့် စပ်လျဉ်းသော ဖိုရမ်၏ စာတမ်းနှင့် စပ်လျဉ်းသည့်
ကိစ္စရပ်များနှင့် လူ့အခွင့်အရေး
ကာကွယ်စောင့်ရှောက်သူ များအား အကာအကွယ်ပေးရေးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို
တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါသည်။
၂၀၂၀
ပြည့်နှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့တွင် လုပ်ငန်းအဖွဲ့အစည်းအဝေး တတိယနေ့ကို
ဆက်လက်ကျင်းပခဲ့ရာ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ် (SEANF)၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat) တည်ထောင်ရေးကိစ္စ၊ SEANF Website တည်ထောင်ရေးကိစ္စရပ်များနှင့်
စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများ တင်ပြ ဆွေးနွေးခြင်း၊ အရှေ့တောင်အာရှ
အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) နှစ်ပတ်လည်အစည်းအဝေး
(၂၀၂၀) ကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ ကြိုတင်ညှိနှိုင်းဆွေးနွေးခြင်း၊
အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) နှင့် လူ့အခွင့် အရေးနှင့် စပ်လျဉ်းသည့် အာဆီယံအစိုးရချင်းဆိုင်ရာ
ကော်မရှင်(AICHR) အဖွဲ့အစည်းများ အကြား
ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ် များနှင့်ပတ်သက်၍ အစည်းအဝေးတွင်
ဘာသာရပ်များအပေါ် မူတည်၍ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်နှင့် ကော်မရှင်အဖွဲ့ဝင်များ
ပါဝင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးကို နေ့လယ်ပိုင်းတွင် သဘာပတိအဖွဲ့က နိဂုံးချူပ်ပြောကြား၍
ပြီးဆုံးခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
