အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်း အဖွဲ့အစည်းအဝေးနှင့် side event သို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ပါဝင် တက်ရောက်ခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ လည်းကောင်း၊ Dialogue Between the Asia Forum for Human Rights and Development (FORUM-ASIA)/ Asian NGO Network on NHRIs (ANNI) and the Southeast Asia NHRIs Forum (SEANF) ကို သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်းကောင်း ဖိုရမ်၏ ၂၀၂၁ ခုနှစ် အတွက် အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်လျက်ရှိသော မလေးရှားနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဦးဆောင်၍ virtual online platform ဖြင့် ကျင်းပခဲ့ပါသည်။လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာ တင်မောင်မောင်သန်း၊ ဦးတင်အောင်၊ ဦးကျော်မြင့်၊ မ‌လေးရှား နိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သော ဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးအပြီး ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အဓိက တိုးတက်ဖြစ်ထွန်းမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို မျှဝေဆွေးနွေးခြင်း၊ ဖိုရမ်၏ Website ထူထောင်ရေးနှင့် ဖိုရမ်၏အမှတ်အသား တံဆိပ်ဖန်တီးနိုင်ရေးကိစ္စရပ်များ၊ ၂၀၂၂ ခုနှစ် အတွက် ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူ ဆောင်ရွက်ရေးကိစ္စရပ်၊ ဖိုရမ်၏ ၂၀၂၂-၂၀၂၆ မဟာဗျူဟာစီမံကိန်း ရေးဆွဲရေးနှင့်စပ်လျဉ်း၍ တိုးတက်ဆောင်ရွက်မှုများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအလွန် ကပ်ဘေးသင့်လူမှု အသိုက်အဝန်းများ အတွက် စီးပွားရေး အခွင့်အရေးများဆိုင်ရာ အကြံပြုတိုက်တွန်းချက်များနှင့်စပ်လျဉ်း၍ စဉ်းစားဆွေးနွေးခြင်း၊ ဖိုရမ်နှင့် အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် (AICHR)တို့အကြား ထိတွေ့ဆောင်ရွက်ရေး နှင့်စပ်လျဉ်းသော တိုးတက်ဆောင်ရွက်မှုများ၊ ဖိုရမ်၏ အမြဲတမ်း အတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေးနှင့် စပ်လျဉ်း၍  တိုးတက်ဆောင်ရွက်မှုများ၊ သက်ကြီးရွယ်အိုအခွင့်အရေးများဘာသာရပ်နှင့် စပ်လျဉ်းသည့် ကိစ္စရပ်နှင့် ဖိုရမ်၏ (၁၈) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ကျင်းပရေးကိစ္စရပ်များ အစရှိသော လူ့အခွင့်အရေး နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို အစည်းအဝေး တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်အဖွဲ့များက ဆွေးနွေးခဲ့ကြပါသည်။         

    လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌက ဖိုရမ်၏ ပထမအကြိမ်လုပ်ငန်း အဖွဲ့အစည်းအဝေး နောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး နှင့်စပ်လျဉ်းသော ဆောင်ရွက်ချက်များနှင့် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကိုလည်းကောင်း၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာတင်မောင်မောင်သန်းက ကိုဗစ်-၁၉ ကပ်ရောဂါကာလ အလွန်ကပ်ဘေးသင့် လူမှုအသိုက်အဝန်းများ၏ စီးပွားရေးအခွင့်အရေးများ အလားအလာ ခေါင်းစဉ်ဖြင့်လည်းကောင်း ရှင်းလင်းဆွေးနွေးတင်ပြမှုများပြုလုပ်ခဲ့ကြပြီး အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အခြားသော လူ့အခွင့်အရေးကိစ္စရပ်များတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များက ပါဝင်ဆွေးနွေးအကြံပြုမှုများ ပြုလုပ်ခဲ့ကြပါသည်။ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် virtual online platform ဖြင့် ကျင်းပသော Dialogue Between the Asia Forum for Human Rights and Development (FORUM-ASIA)/ Asian NGO Network on NHRIs (ANNI) and the Southeast Asia NHRIs Forum (SEANF) သို့ ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့များ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာ နန္ဒာမွှန်း၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာတင်မောင်မောင်သန်း၊ ဦးတင်အောင်၊ ဦးကျော်မြင့်၊ မ‌လေးရှားနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပြီး SEANF နှင့် FORUM-ASIA/ ANNI တို့အကြား လူ့အခွင့်အရေး နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအား အဓိက ဆွေးနွေးခဲ့ကြပါသည်။

                                                                                                                                                                                                                မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News