အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum - SEANF) ၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖိုရမ်၏ ၂၀၂၁ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဆောင်ရွက်လျက်ရှိသော မလေးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဦးဆောင်၍ virtual online platform ဖြင့် ကျင်းပခဲ့ပါသည်။

 

    လုပ်ငန်းအဖွဲ့အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တီမောလက်စ်တေနိုင်ငံ တို့၏ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်အဖွဲ့များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်၊ ဒေါက်တာမြင့်သူမြိုင်၊ ဒေါက်တာတင်မောင်မောင်သန်း၊ မလေးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ကော်မရှင် အဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

    လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလတွင် ကျင်းပခဲ့သော ဖိုရမ်၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးအပြီး ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်း များ၏ အဓိက တိုးတက်ဖြစ်ပေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကို မျှဝေဆွေးနွေးခြင်း၊ ဖိုရမ်၏ Website ထူထောင်ရေးကိစ္စနှင့် ဖိုရမ်၏ အမှတ်အသားတံဆိပ် ဖန်တီးနိုင်ရေးကိစ္စရပ် များ၊ ကုလသမဂ္ဂ သက်ကြီးရွယ်အိုအခွင့်အရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၏ (၁၁) ကြိမ်မြောက် ဆွေးနွေးပွဲ နှင့် သက်ကြီးရွယ်အိုအခွင့်အရေးများနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် အတွက် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ အကြံပြု စည်းရုံးမှုကိစ္စရပ်များ၊ ဖိုရမ်၏ ညှင်းပမ်းနှိပ်စက်မှု တိုက်ဖျက်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ COVID-19 ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း လူ့အခွင့်အရေးဆောင်ရွက်ချက် တိုးတက်မှုများနှင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ ရာသီဥတု ပြောင်းလဲမှုနှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က အမျိုးသားအဆင့် စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့သည့် ကိစ္စရပ်များ၊ ဖိုရမ်၏ အမြဲတမ်းအတွင်းရေးမှူးချုပ်ရုံး တည်ထောင်ရေး နှင့် စပ်လျဉ်းသော ကိစ္စရပ်များ၊ အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် နှင့် အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်တို့နှင့် ထိတွေ့ဆက်ဆံဆောင်ရွက်မှုနှင့် စပ်လျဉ်းသော ကိစ္စရပ်များ၊ ဖိုရမ် ၏ ၂၀၂၂-၂၀၂၆ မဟာဗျူဟာရေးဆွဲ အကောင်အထည်ဖော်ရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ဖိုရမ် ၏ (၁၈) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကျင်းပရေး ကိစ္စရပ်များ အစရှိသော လူ့အခွင့်အရေး နှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို အစည်းအဝေးတက်ရောက်ကြသည့် ကိုယ်စားလှယ်အဖွဲ့များက ဆွေးနွေးခဲ့ကြပါသည်။

    လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က ဖိုရမ်၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေးနှင့်စပ်လျဉ်း၍ အဓိက တိုးတက်ဖြစ်ပေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့ရသော စိန်ခေါ်မှုများကိုလည်းကောင်း၊ ကော်မရှင် အဖွဲ့ဝင် ဒေါက်တာသန်းမြင့်က COVID-19 ကပ်ရောဂါဖြစ်ပွားသည့် ကာလအတွင်း လူ့အခွင့်အရေးဆောင်ရွက်ချက် တိုးတက်မှုများ၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြမှုများပြုလုပ်ခဲ့ကြပြီး အစည်းအဝေးတွင် ဆွေးနွေးခဲ့သည့် အခြားသော လူ့အခွင့်အရေး ကိစ္စရပ်များတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်များက ပါဝင်ဆွေးနွေး အကြံပြုမှုများ ပြုလုပ်ခဲ့ကြပါ သည်။

         ဖိုရမ်၏ ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊  သြဂုတ်လအတွင်းတွင် ကျင်းပသွားမည်ဖြစ်သည်။

Recent News