အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ (၁၇) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် side events များသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ပါဝင်တက်ရောက်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က
တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်သည့်
အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Southeast
Asia National Human Rights Institutions Forum -SEANF) ၏ (၁၇)
ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နှင့် Webinar on National and
International Initiatives on Torture Prevention၊ Online
Dialogue on Statelessness Issues in Sabah တို့ကို ၂၀၂၀
ပြည့်နှစ်အတွက် ဖိုရမ်၏အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသော
အင်ဒိုနီးရှားနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် (Komnas HAM)က ဦးဆောင်၍ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့ အထိ virtual
online conferencing စနစ် အသုံးပြု၍ ကျင်းပလျက်ရှိပါသည်။
အဆိုပါ
ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် side events များသို့ ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊
ထိုင်းနိုင်ငံ၊ တီမော လက်စ်တေနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများမှ
ကော်မရှင် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများ ပါဝင် တက်ရောက်ကြပြီး
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ နှင့်
ကော်မရှင် အဖွဲ့ဝင်များ ၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်
ရုံးဝန်ထမ်းများ ပါဝင်တက်ရောက်ကြပါသည်။
ဖိုရမ်၏
နှစ်ပတ်လည်အစည်းအဝေးတွင် ဖိုရမ်၏ (၁၆) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးအပြီး
ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ၏ လူ့အခွင့်အရေး
နှင့်စပ်လျဉ်း သည့် ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ ဖိုရမ်၏ Guidelines
for use of SEANF social media platform အတည်ပြုချမှတ်ခြင်းကိစ္စ၊
စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်နှင့်စပ်လျဉ်း၍
ဖိုရမ်အဖွဲ့ဝင်များအကြား အတွေ့အကြုံကောင်းများ မျှဝေဆွေးနွေးခြင်း၊ COVID-
19 ကပ်ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း
ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့၏ မိသားစုဝင်များ ၏ အခြေအနေနှင့်
စပ်လျဉ်းသည့် ဖိုရမ်၏ ထုတ်ပြန်ချက်ကို အတည်ပြုချမှတ်ခြင်း၊ ဖိုရမ်၏ အမြဲတမ်း
အတွင်းရေးမှူးချုပ်ရုံး (Permanent Secretariat)
တည်ထောင်ရေးကိစ္စရပ်များ အစရှိသည့် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသည့်
ကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ပါသည်။
ဖိုရမ်နှစ်ပတ်လည်အစည်းအဝေးကာလအတွင်း
ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များနှင့်
အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (ASEAN Inter-governmental Commission on Human Rights - AICHR) တို့၏
အလွတ်ဆွေးနွေးပွဲ တစ်ရပ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင်
ထည့်သွင်းကျင်းပမည်ဖြစ်ပါသည်။ ဤ ဆွေးနွေးပွဲသည် ဒေသအဆင့် လူ့အခွင့်အရေးဆိုင်ရာ
အဖွဲ့နှစ်ဖွဲ့ဖြစ်သည့် SEANF နှင့် AICHR တို့အကြား ပထမဦးဆုံး ကျင်းပသည့် အစည်းအဝေးဖြစ်ပါသည်။
ဖိုရမ်၏
နှစ်ပတ်လည်အစည်းအဝေးနှင့် side events များကို
နိုဝင်ဘာလ ၂၆ ရက်နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နှစ်ပတ်လည်အစည်းအဝေးအပြီးတွင်
ဖိုရမ်၏ ၂၀၂၁ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို
အင်ဒိုနီးရှားနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ မလေးရှားနိုင်ငံ လူ့အခွင့်အရေးကော်မရှင်သို့
လွှဲပြောင်းပေးအပ်မည် ဖြစ်ပါသည်။