အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပခြင်း

  • News

    အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အစည်းအဝေးခန်းမ၌ ကျင်းပရာ ဖိုရမ်အဖွဲ့ဝင်များ ဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်း နှင့် တီမောလက်စ်တေနိုင်ငံတို့၏ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်အသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

    အစည်းအဝေးဖွင့်ပွဲ၌ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် ဥက္ကဋ္ဌတာဝန်ယူထားသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက မိန့်ခွန်းပြောကြားသည်။ အစည်းအဝေးတွင် ဖိုရမ်၏ အတွင်းရေးမှူးချုပ်ရုံးတည်ထောင်ရေးကိစ္စ၊ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဆိုင်ရာ ကမ္ဘာ့အဖွဲ့ကြီးနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ၊ ကုလသမဂ္ဂက ချမှတ်ထားသော တာရှည်ခံသည့် ဖွံ့ဖြိုးတိုးတက်မှုရည်မှန်းချက်များ (SDGs) အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊ သက်ကြီးရွယ်အိုအခွင့်အရေး ကိစ္စရပ်များနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံကွန်ဗင်းရှင်းနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များ အပါအဝင် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကျယ်ပြန့်စွာ ဆွေးနွေးကြပါသည်။

    လုပ်ငန်းအဖွဲ့အစည်းအဝေး မကျင်းပမီ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် အထူးအစည်းအဝေးတစ်ရပ် ကျင်းပကာ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ၂၀၁၇ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ဆောင်ရွက်မည့်  မဟာဗျူဟာ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြောင်းနှင့် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ (၁၃) ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလတွင် နေပြည်တော် ၌ ကျင်းပရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

Recent News