အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ ပထမအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်ခြင်း

  • News

အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ဖိုရမ်၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ၂၉-၃-၂၀၂၃ ရက်နေ့မှ ၃၀-၃-၂၀၂၃ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ Hybrid format ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဒေါက်တာသန်းမြင့်နှင့် ဒေါက်တာ တင်မောင်မောင်သန်း၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာန ညွှန်ကြားရေးမှူးနှင့် ဝန်ထမ်းများက video conferencing System အသုံးပြု တက်ရောက်ခဲ့ကြပြီး ဖိုရမ်အဖွဲ့ဝင်များဖြစ်သည့်  အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များက In-person  တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့သော ဖိုရမ်၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနောက်ပိုင်းကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အရှေ့တောင်အာရှအမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ မဟာဗျူဟာ စီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေး ကိစ္စရပ် (၅) ရပ် အကောင်အထည်ဖော်ခြင်း နှင့်စပ်လျဉ်း၍ ဦးစားပေးကိစ္စရပ် တစ်ခုစီအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဓိကတာဝန်ယူထားသော  ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ SEANF Annual Plan 2023 အတည်ပြုခြင်း၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင် (AICHR) နှင့် SEANF တို့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ၊ ASEAN Environmental Rights Framework ရေးဆွဲနိုင်ရေး ကိစ္စရပ်များ၊ Safety of Journalists နှင့်စပ်လျဉ်း၍ Action Plan ရေးဆွဲနိုင်ရေး ကိစ္စရပ်များ၊ သက်ကြီးရွယ်အိုများ အခွင့်အရေးနှင့် စပ်လျဉ်း၍ နိုင်ငံတကာ သဘောတူစာချုပ် ဖြစ်ပေါ်လာရေးအတွက် Campaign ပြုလုပ်နိုင်ရေး ကိစ္စရပ်များ၊ SEANF ၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် SEANF ၏  (၂၀) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များ၊ SEANF နှင့် FORUM-ASIA/ ANNI တို့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များ၊ Sabah ရှိ နိုင်ငံမဲ့ဖြစ်နေသူများ အရေးကိစ္စနှင့် စပ်လျဉ်း၍ မလေးရှား၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များနှင့် SEANF နှင့် OHCHR တို့ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များတို့ကို ဆွေးနွေးခဲ့ကြပါသည်။

လုပ်ငန်းအဖွဲ့ အစည်းအဝေး၌ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက ကျင်းပခဲ့သော ဖိုရမ်၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးနောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများကို ကော်မရှင်အဖွဲ့ဝင် ဦးပေါ်လွင်စိန်က ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ကော်မရှင်ဥက္ကဋ္ဌ ဦးလှမြင့်က ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မရှင်က ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထားသော SEANF ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် "စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ရန်နှင့် ကာကွယ်ရန်" ကိစ္စရပ်နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အကောင်အထည်ဖေါ် ဆောင်ရွက် နေမှုများကို ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ဆွေးနွေးခဲ့ပါသည်။

ဖိုရမ်၏ ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် လည်းကောင်း၊ (၂၀) ကြိမ်မြောက် လုပ်ငန်းအဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် လည်းကောင်း ကျင်းပသွားရန် လုပ်ငန်းအဖွဲ့အစည်းအဝေးတွင် ကနဦး သဘောတူညီမှု ရရှိခဲ့ပါသည်။

 

Recent News