အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ တက်ရောက်ခြင်း (၂၅-၁၁-၂၀၂၃)
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်သည် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇေယျာလင်းလိုက်ပါလျက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပသော အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များ စုစုပေါင်း (၃၅) ဦး ပါဝင်တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ၏ ၂၀၂၃ ခုနှစ်အတွက် အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌဖြစ်သူ Ms. Pornprapai Ganjanarintr က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် ဖိုရမ်၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး နောက်ပိုင်းကာလအတွင်း ဖိုရမ်အဖွဲ့ဝင်အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများ၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ် (၅) ရပ်နှင့်စပ်လျဉ်းသည့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင် (AICHR) နှင့် အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF) တို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများအကြား စုံစမ်းစစ်ဆေးမှု ယန္တရားတစ်ရပ် ဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဒေသတွင်း လူ့အခွင့်အရေး မူဘောင်တစ်ရပ်ဆောင်ရွက်ရေးနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ၊ Asian NGO Coalition for Agrarian Reform and Rural Development (ANGOC) on Land Rights နှင့် World Justice Project (WJP) on Human Rights Dashboard စသည့် အဖွဲ့အစည်းများနှင့် ဖိုရမ်တို့အကြားပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များနှင့် သတင်းမှားတိုက်ဖျက်ရေး စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေးတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ဖိုရမ်၏ (၁၉) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး နောက်ပိုင်းကာလအတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့နှင့် စပ်လျဉ်းသည့် ဆောင်ရွက်ချက်များနှင့် တိုးတက်ဖြစ်ထွန်းမှုများကို ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇေယျာလင်းက (SEANF) ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
SEANF ၏ အကြိမ် (၂၀) မြောက် နှစ်ပတ်လည် အစည်းအဝေးအပြီးတွင် ၂၀၂၄ ခုနှစ်အတွက် ဖိုရမ်၏အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထိုင်းနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။
နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ဆက်စပ်ဆွေးနွေးပွဲကို “နိုင်ငံများ၏ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒများသည် သက်ဆိုင်ရာနိုင်ငံများ၏ လူမှုရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်တွင် သက်ရောက်မှုများ” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ဆွေးနွေးပွဲသို့ ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေး ကော်မရှင်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ရုံးဝန်ထမ်းများ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ Yale Law School နှင့် Atmajaya University တို့မှ ပညာရှင်ပုဂ္ဂိုလ်များ၊ Committee on Economic, Social and Cultural Rights (CESCR) မှ ကိုယ်စားလှယ်များစသည်ဖြင့် စုစုပေါင်း (၁၅၀) ဦးခန့် ပါဝင် တက်ရောက်ခဲ့ကြပါသည်။ အဆိုပါဆွေးနွေးပွဲအကြောင်းအရာနှင့်စပ်လျဉ်း၍ ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က ပါဝင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဦးဇေယျာလင်းတို့သည် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်


