အာဆီယံဒေသတွင်းဆိုင်ရာ ထောင်စုနှစ် ရည်မှန်းချက် အလွန်ကာလနှင့် လူ့အခွင့်အရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပါဝင်တက်ရောက်ခြင်း

  • News

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်ကိုယ်စား အင်ဒိုနီးရှားနိုင်ငံ လူ့အခွင့်အရေးကော်မတီ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်သည် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်မှ ၁၂ ရက်နေ့အထိ အင်ဒို နီးရှားနိုင်ငံ ဂျာကာတာမြို့၌ ကျင်းပသော အာဆီယံဒေသတွင်းဆိုင်ရာ ထောင်စုနှစ် ရည်မှန်းချက် အလွန်ကာလ နှင့် လူ့အခွင့်အရေးဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲသို့ အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်မှ ကိုယ်စား လှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများရှိ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ၊ အာဆီယံနိုင်ငံအသီးသီးရှိ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။

အလုပ်ရုံဆွေးနွေးပွဲတွင် ထောင်စုနှစ်ရည်မှန်းချက်များနှင့် အစဉ်တစ်စိုက်တိုးတက်ရေး ရည်မှန်း ချက်များ၊ အာဆီယံနိုင်ငံအတွင်း ထောင်စုနှစ် ရည်မှန်းချက် အကောင်အထည်ဖော်မှုများ၊ ၂၀၁၅ အလွန်နှစ်များအတွက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍများ၊ အာဆီယံနိုင်ငံအတွင်း ၂၀၁၅ အလွန် နှစ်များ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ ၂၀၁၅ ခုနှစ်အလွန်ဖွံ့ဖြိုး တိုးတက်မှုအတွက် အာဆီယံဒေသတွင်း ပါဝင်ပတ်သက်နေသူများ၏ အခန်းကဏ္ဍများကို တင်ပြ ဆွေးနွေးကြပါသည်။ အဆိုပါဆွေးနွေးပွဲအပိုင်း(၆)တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်မှ ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့ပါ သည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဒေါက်တာ ဉာဏ်ဇော်မှ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် မကူးစက်နိုင်သော ရောဂါ၊ (ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ) များ၏ အခြေအနေနှင့် ရည်မှန်းချက်များအကြောင်းကို ဆွေးနွေးခဲ့ပါသည်။

Recent News