အာဆီယံနိုင်ငံများအကြား ညှဉ်းပန်းနှိပ်စက်ခြင်းကို တားဆီးခြင်းဖြင့် လူ့ဂုဏ်သိက္ခာကို ကာကွယ် စောင့်ရှောက်ပေးခြင်းဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေး ကော်မရှင်မှ တက်ရောက်ခြင်း

  • News

    အာဆီယံနိုင်ငံများအကြား ညှဉ်းပန်းနှိပ်စက်ခြင်းကို တားဆီးခြင်းဖြင့် လူ့ဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်ပေးခြင်းဆိုင်ရာ ဒေသတွင်း အလုပ်ရုံဆွေးနွေးပွဲ (Regional Workshop on Preserving Human Dignity by Preventing Torture and Ill-Treatment among ASEAN Member States) ကို အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့တွင် ၂၀၁၅ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့ မှ ၁၁ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးစိုးဘုန်းမြင့် တက်ရောက်ခဲ့ပါသည်။ ယင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန့်စင် နှင့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမိုးတို့လည်း တက်ရောက်ခဲ့ပါသည်။

    ယင်းအလုပ်ရုံဆွေးနွေးပွဲကို အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်၏ အင်ဒိုနီးရှားကိုယ်စားလှယ် (Representative of Indonesia to the ASEAN Intergovernmental Commission on Human Rights (AICHR)) နှင့် အင်ဒိုနီးရှားသမ္မတနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနတို့က ကြီးမှူးကျင်းပ ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး၊ AICHR ကိုယ်စားလှယ် များ၊ အာဆီယံဒေသတွင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အဖွဲ့အစည်းများ၊ အာဆီယံနိုင်ငံများမှ အစိုးရအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဥရောပ နှင့် အာဖရိကဒေသများမှ ကျွမ်းကျင်သူများ၊ အာဆီယံအထွေထွေ အတွင်းရေးမှူးချုပ်ရုံး၊ အာဆီယံနိုင်ငံများနှင့် တီမောလက်(စ်)တေ နိုင်ငံတို့ရှိ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ညှဉ်းပန်းနှိပ်စက် ခြင်းကို ဆန့်ကျင်ခြင်းဆိုင်ရာ ကွန်ဗင်းရှင်း ဦးဆောင်ဦးရွက်ပြုသူအဖွဲ့ (Convention against Torture Initiative) (CTI) မှ ကိုယ်စားလှယ်များ၊ ညှင်းပန်းနှိပ်စက်မှု ငြင်းချက်များအပေါ် အလေးထား လုပ်ဆောင်သော အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ အရပ်ဘက် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ၊ ညှဉ်းပန်းနှိပ်စက်ခြင်းကို ဆန့်ကျင်သည့် ကုလသမဂ္ဂသဘောတူစာချုပ် (UNCAT) အား အတည်ပြုပါဝင် ရေးလုပ်ငန်းစဉ်ကို ဆောင်ရွက်လျက်ရှိပြီး CTI မိတ်ဖက် အဖွဲ့ဝင် နိုင်ငံဖြစ်သော ဖီဂျီနိုင်ငံနှင့် တီမောလက်(စ်)တေ နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ဆွေးနွေး ကြပါသည်။

    ယင်းအလုပ်ရုံဆွေးနွေးပွဲသည် ညှဉ်းပန်းနှိပ်စက်မှုနှင့် အခြားသော ပုံစံများဖြင့် ရက်စက် ကြမ်းကြုတ်စွာ ပြုကျင့်မှုအန္တရာယ်လျှော့ချရေးအတွက် တားဆီးကာကွယ်ရေးဆိုင်ရာ ချဉ်းကပ်မှု အပေါ် အာဆီယံနိုင်ငံများအကြား နားလည်မှုတိုးမြှင့်စေရန်နှင့် တားဆီးကာကွယ်ရေး ဆိုင်ရာ ချဉ်းကပ်မှုတွင် အာဆီယံနိုင်ငံများနှင့် နိုင်ငံတကာ လုပ်ဖော်ကိုင်ဖက်များအကြား ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲတွင် အခြားဆွေးနွေးမှုများအနက် အာဆီယံနိုင်ငံများအကြား လူ့အခွင့်အရေးနှင့် စပ်လျဉ်းသည့် အပြည်ပြည်ဆိုင်ရာ စာချုပ်များ အတည်ပြု လက်မှတ်ရေးထိုးရေးအတွက် အားပေးခြင်း စသည့် ကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ နိုင်ငံများ၏ အတွေ့အကြုံနှင့်တကွ ရှင်းလင်းဆွေးနွေးကြပါသည်။