အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ အာဆီယံ လူ့အခွင့်အရေး ဆိုင်ရာ ဥပဒေစာချုပ်များ ဖြစ်ပေါ်တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ တက်ရောက်ခြင်း

  • News

အာဆီယံအစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ဥပဒေစာချုပ်များ ဖြစ်ပေါ်တိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲ ( AICHR Workshop on the Development of ASEAN Legal Instruments on Human Rights) ကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပ ခဲ့ပါသည်။ ယင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာ ဒေါ်သန်းနွဲ့ နှင့် ဦးစိုးဘုန်းမြင့်တို့ တက်ရောက်ခဲ့ကြပါသည်။

ယင်း အလုပ်ရုံဆွေးနွေးပွဲတက်ရောက်ရန် အာဆီယံ အစိုးရချင်းဆိုင်ရာ လူ့အခွင့်အရေး ကော်မရှင်၏ ဖိလစ်ပိုင်နိုင်ငံ ကိုယ်စားလှယ်က ဖိတ်ကြားခဲ့ခြင်းဖြစ်ပြီး၊ ဖိလစ်ပိုင်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ AICHR ကိုယ်စားလှယ်များနှင့် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းမှ ကိုယ်စားလှယ်များ၊ ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ နိုင်ငံခြားရေးဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ဘရူနိုင်းဒါရူဆလမ်နိုင်ငံ ရှေ့နေချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ ဗီယက်နမ်နိုင်ငံ နှင့် လာအိုနိုင်ငံတို့၏ တရားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ စင်္ကာပူနိုင်ငံ တရားရေးဝန်ကြီး ဌာနနှင့် ရှေ့နေချုပ်ရုံးတို့မှ ကိုယ်စားလှယ်များ၊ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးအဖွဲ့မှ ကိုယ်စားလှယ်၊ ကုလသမဂ္ဂ၏ လူနည်းစု အခွင့်အရေးများဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ ( UN Special Rapporteur on the Rights of Indigenous People) ၊ မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ရုံး၏ ဥပဒေရေးရာဌာနမှ ကိုယ်စားလှယ်၊ ဖိလစ်ပိုင်နိုင်ငံ အမျိုးသမီးနှင့် ကလေးများအား ကာကွယ်ရေး အာဆီယံကော်မတီမှ ကိုယ်စားလှယ်၊ အမေရိကန်နိုင်ငံ စတင်းဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ၊ ထိုင်းနိုင်ငံ နိုင်ငံတော် ကောင်စီရုံးမှ ကိုယ်စားလှယ်၊ အမေရိကန်နိုင်ငံ Inter-American Commission on Human Rights မှ ကိုယ်စားလှယ်နှင့် ကျွမ်းကျင်သူများ၊ အရပ်ဖက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးကြပါသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲသည် အာဆီယံဒေသအတွင်း အာဆီယံလူ့အခွင့်အရေးဆိုင်ရာ ဥပဒေစာချုပ်များ ဖြစ်ပေါ်တိုးတက်ရေး ( Development of ASEAN Legal Instruments on Human Rights) အတွက် ရည်ရွယ်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံဒေသတွင်း လူ့အခွင့် အရေး မြှင့်တင်ရေးနှင့် ကာကွယ်ရေးလုပ်ငန်းမူဘောင်ဆိုင်ရာများ၊ အာဆီယံအဖွဲ့အစည်းများနှင့် ကဏ္ဍဆိုင်ရာ အဖွဲ့အစည်းများ၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ်ရေးဆိုင်ရာ အတွေ့ အကြုံများ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ အကောင်းဆုံးကျင့်စဉ်များ၊ စိန်ခေါ်မှုများနှင့် ထောက်ခံ တင်ပြချက်များအပြင် လူ့အခွင့်အရေးဆိုင်ရာ ဥပဒေစာချုပ်များ ဖြစ်ပေါ်တိုးတက်ရေး ကိစ္စရပ်များ၊ အာဆီယံဒေသအတွင်း လူ့အခွင့်အရေးဥပဒေစာချုပ်များ ဖြစ်ပေါ်တိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်မှုကိစ္စရပ်များကို ဆွေးနွေးကြပါသည်။

Recent News