အာဆီယံ- ဥရောပလူ့အခွင့်အရေးဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ပါဝင်တက်ရောက်ခြင်း

  • News

          အာဆီယံဒေသတွင်းရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်များနှင့် ဥရောပအဖွဲ့အစည်းများအကြား ကျင်းပသည့် လူ့အခွင့်အရေး ဆွေးနွေးပွဲများကို ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ်မြို့ နှင့် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့တို့တွင် ၂၀၁၇ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေပါဝင်တက်ရောက်ခဲ့သည်။

  ဥရောပသမဂ္ဂနှင့် ဥရောပပါလီမန်အပါအဝင် ဥရောပအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များနှင့် အာဆီယံဒေသတွင်းရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အသီးသီးမှ ကိုယ်စားလှယ်များ တွေ့ဆုံရာတွင် ဥရောပသမဂ္ဂ၏ လူ့အခွင့်အ​ရေးစနစ်၊ အာရှ-ဥရောပ ဆက်ဆံရေးတွင် ဥရောပသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာမူဝါဒများ၊ ဥရောပသမဂ္ဂနှင့် အာဆီယံ ဆက်ဆံရေးကိစ္စရပ်များ၊ အာဆီယံ၏ လူ့အခွင့်အရေးကဏ္ဍတွင် ဥရောပသမဂ္ဂ၏ ပံ့ပိုးဆောင်ရွက်မှုများ၊ ဥရောပသမဂ္ဂ၏ ကုန်သွယ်ရေး မူဝါဒတွင် လူ့အခွင့်အရေး အလေးထားမှု ကိစ္စရပ်များ၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာ ဥရောပကွန်ယက်အဖွဲ့၏ ဆောင်ရွက်ချက်များ၊ လူ့အခွင့်အရေးဆိုင်ရာ ဥရောပသမဂ္ဂ အထူးကိုယ်စားလှယ်၏ ဆောင်ရွက်ချက်များ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြသည်။

 နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အပါအဝင် စီးပွားရေးလုပ်ငန်းများလုပ်ကိုင်​ဆောင်ရွက်ရာတွင် ပြည်သူများ၏လူ့အခွင့်အရေး မထိပါးစေရေးအတွက် ကုလသမဂ္ဂကချမှတ်ထားသည့် “ စီးပွားရေး လုပ်ငန်းနှင့် လူ့အခွင့်အရေး” ဘာသာရပ်နှင့် စပ်လျဉ်းသည့် အလုပ်ရုံဆွေးနွေးပွဲကို ဘရပ်ဆဲလ်မြို့နှင့် ဘာလင်မြို့တို့တွင် ကျင်းပဆွေးနွေးခဲ့ကြသည်။ ထို့ပြင် အာဆီယံဒေသတွင်းရှိ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အသီးသီး၏ ကိုယ်စားလှယ်များသည် ဂျာမနီနိုင်ငံ၊ ဘာလင်မြို့၌ရှိစဉ် ကုလသမဂ္ဂကကမကထပြု၍ဖွဲ့စည်းထားသည့်“အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများဆိုင်ရာကမ္ဘာ့အဖွဲ့ကြီး”၏ လက်ရှိဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသော ဂျာမနီနိုင်ငံ အမျိုးသား လူ့အခွင့်အရေးအဖွဲ့ ဥက္ကဋ္ဌ Professor Dr. Beate Rudolf နှင့် တွေ့ဆုံကာ ကမ္ဘာ့အဖွဲ့ကြီးက ချမှတ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများတွင် အရှေ့တောင်အာရှဒေသတွင်းရှိ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြသည်။

Recent News