အိမ်ရှင်ဖြစ်သူမှ အိမ်အကူမအေးအေးမွှေးအား ညှဉ်းပန်းနှိပ်စက်ခြင်းကိစ္စနှင့် ပတ်သက်သည့် သတင်း

  • News

၁။      အိမ်ရှင်ဖြစ်သူမှ အိမ်​အကူမအေးအေးမွှေးအား ညှဉ်းပန်းနှိပ်စက်ခြင်းကို အရေးယူပေးပါရန် တိုင်တန်းလာ သည့် ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ တာဝန်ပေးချက်အရ ကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးသူရကျော်နှင့်အဖွဲ့သည် အခင်းဖြစ်ပွားရာ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်သို့ သွားရောက်စစ်ဆေးခဲ့ပါသည်။

၂။      စုံစမ်းစစ်ဆေးချက်များအရဧရာဝတီတိုင်းဒေသကြီး၊ မောင်းတီးကျေးရွာနေ တိုင်တန်းသူ မအေးအေးမွှေး (ဘ)ဦးကြာအေး၊ အသက်(၂၂)နှစ်သည် ၂၀၁၅ခုနှစ်၊ ဧပြီလမှစ၍ စက်တင်ဘာ(၁၉) ရက်နေ့ အထိသင်္ဃန်းကျွန်းမြို့နယ်၊ နနွင်းကုန်းရပ်ကွက်၊ အမှတ်-၂၀၁၊ သုဒဿနလမ်းရှိ ဒေါ်နီလာမြင့်အိမ်တွင် လစာ(၇ဝဝဝဝိ/-)ကျပ်ဖြင့် အိမ်​အကူ အလုပ်လုပ်ခဲ့ကြောင်း၊ တစ်လ ခန့်ကြာသောအခါ အိမ်ရှင်ဖြစ်သူမှ အကြောင်းအမျိုးမျိုးရှာ၍ ရိုက်နှက်ကြောင်း၊ ၂၀၁၅ခုနှစ်၊ စက်တင်ဘာ (၁၇၊ ၁၈၊ ၁၉)ရက်နေ့တွင် ဖန်ခွက်ဖြင့်ပစ်ပေါက်ခြင်း၊ တုတ်ဖြင့်ရိုက်သောကြောင့် ဦးခေါင်းကွဲ၍ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးတွင် (၅)ချက်ချုပ်ခဲ့ရပြီး၊ အခြားနေရာများတွင် ညိုမည်းသော ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဦးခေါင်းတွင်ရရှိသော ဒဏ်ရာမှာပြင်းထန်သဖြင့် ယခုအခါ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောဌာနတွင် အတွင်းလူနာအဖြစ် တက်ရောက် ကုသနေကြောင်း၊ ၂၀-၉-၂၀၁၅ ရက်နေ့တွင် သင်္ဃန်းကျွန်းမြို့နယ်ရဲစခန်း၌ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၂၉၄၊ ပုဒ်မ၃၂၅၊ ပုဒ်မ၅၀၆တို့ဖြင့် အမှုဖွင့်တိုင်တန်းထားကြောင်း သိရှိရပါသည်။

၃။       ထို့ကြောင့် ဥပဒေနှင့်အညီအရေးယူ ဆောင်ရွက်ပေးနိုင်ရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ သက်ဆိုင်ရာဌာနများသို့ မေတ္တာရပ်ခံ အကြောင်းကြား ထားပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။