ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အစိုးရအရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံ သင်တန်း ကျင်းပပြုလုပ်ခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ဆွီဒင်နိုင်ငံ အခြေစိုက် Raoul Wallenberg Institute ( RWI ) ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အစိုးရ အရာထမ်းများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းဖွင့်ပွဲ ကို ၂၀၁၅ ခုနှစ်၊ မေလ (၂၇) ရက်နေ့ နံနက် (၀၉:၀၀) နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ဧရာရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကို တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံသင်တန်းနှင့် ပက်သက်ပြီး ရှင်းလင်းအမှာစကား ပြောကြားခဲ့ပါသည်။

အဆိုပါ အလုပ်ရုံသင်တန်းသည် (၂) ရက်တာ သင်တန်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး/ ခရိုင်အဆင့် အရာထမ်း (၄၀) ဦး တက်ရောက်ခဲ့ကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြနှင့် ဦးခင်မောင်လေး တို့က လူ့အခွင့်အရေးဆိုင်ရာ သမိုင်းကြောင်းနှင့် အနှစ်သာရများ ၊ ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်း၊ ပဲရစ်အခြေခံမူနှင့် အမျိုးသားလူ့အခွင့်အရေး ကော်မရှင် များအကြောင်း၊ မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးပြီး ဖြစ်သည့် လူ့အခွင့်အရေးဆိုင်ရာ စာချုပ်များအကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့် အရေးနှင့်တာဝန်များနှင့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥပဒေနှင့် ဆောင်ရွက်ချက်များကို ရှင်းလင်းပို့ချဆွေးနွေး ခဲ့ကြပါသည်။ အလုပ်ရုံသင်တန်း အပြီးတွင် ကော်မရှင် ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက သင်တန်းတက်ရောက်ကြသူများအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြပါသည်။

Recent News