၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခြင်း

  • News

၁။    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် လုပ်ငန်းအစီအစဉ်အရ တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ကွပ်ကဲမှုအောက် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရဲဇာနည်ခန်းမ၌ ကျင်းပပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်တက်ရောက်ပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က အလုပ်ရုံဆွေးနွေးပွဲနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက အမှာစကား ဆက်လက် ပြောကြားခဲ့ပါသည်။

၂။    အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂ ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့များမှ ရဲအရာရှိ (၅၀) ဦး တက်ရောက်ကြမည်ဖြစ်သည်။ အလုပ်ရုံ ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး သဘောတရားများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၊ မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုထားသော ကုလသမဂ္ဂ လူ့အခွင့်အရေးစာချုပ်များ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈) ပြဋ္ဌာန်းချက်ပါ နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် တာဝန်များ၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ယန္တရား၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အကြောင်းတို့ကို ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်နှင့် ကော်မရှင်ရုံး ညွှန်ကြားရေးမှူး ဒေါက်တာခိုင်ခိုင်ဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအာကာဟိန်းစိုးတို့က ဆွေးနွေးပို့ချသွား မည်ဟုသိရှိရပါသည်။

၃။     မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် အနေဖြင့် ရဲအရာရှိများအတွက် လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် စစ်တွေမြို့များရှိ လုံခြုံရေးကွပ်ကဲမှု အဖွဲ့မှူးရုံးများနှင့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးများတွင် ပြုလုပ်ခဲ့ပြီး ယခုကျင်းပပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲသည် သတ္တမမြောက်ပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါသည်။