၂၀၂၁ ခုနှစ်၊ ဇွန်လအတွင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ ကြည့်ရှုစစ်ဆေးခြင်း

  • News

၁။      မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင်တို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ၃-၆-၂၀၂၁ ရက်နေ့တွင် မင်းကုန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား လည်းကောင်း၊ ၁၁-၆-၂၀၂၁ ရက်နေ့တွင် ရွှေမြယာနှင့် လှေလှော်အင်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင် စခန်းများအား လည်းကောင်း၊ ၂၁-၆-၂၀၂၁ ရက်နေ့တွင် တောကြီးတန်း စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းအား လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၂။      ကြည့်ရှုစစ်ဆေးရာတွင် ကော်မရှင်ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ အကျဉ်းသားများကို အုပ်စုလိုက်ခွဲ၍ တွေ့ဆုံကာ အကျဉ်းသားတစ်ဦး၏ အနိမ့်ဆုံးရရှိမည့် အခွင့်အရေးဖြစ်သော ထောင်ဝင်စာတွေ့ဆုံရာတွင် အခက်အခဲ ရှိ မရှိ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိခြင်း ရှိမရှိ၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု ရှိမရှိ၊ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင် စခန်းများအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိမရှိနှင့် နေထိုင်စားသောက်မှု အခြေအနေ များကို မေးမြန်း မှတ်တမ်းတင်ခြင်း၊ တစ်ဦးချင်းတွေ့ဆုံလိုသူ အကျဉ်းသားများ နှင့်တွေ့ဆုံကာ ယင်းတို့၏ တင်ပြချက် များကို မှတ်တမ်းတင်ခဲ့ပါသည်။

၃။        စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများကို ဝင်ရောက်ကြည့်ရှု စစ်ဆေးစဉ် အကျဉ်းသားများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်းများ၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာစတို၊ သောက်ရေနှင့် သုံးရေကန်များ၊ မိလ္လာများ သန့်ရှင်းမှု ရှိ မရှိကိုလည်းကောင်း၊ လတ်တလော ဖြစ်ပွားလျက်ရှိသော COVID-19 ရောဂါ ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

၄။        ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာသို့ ပေးပို့ဆောင်ရွက်သွား မည် ဖြစ်ပါသည်။

                                                                                                                                                                                                                 မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News