(၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

  • News

    (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်‌နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။

    အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဒေါ်အေးနုစိန်၊ Jeng Phang နော်တောင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

   ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားခဲ့ရာတွင် ယနေ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခါသမယဖြစ်ပါကြောင်း၊ ကုလသမဂ္ဂက လူသားအားလုံးအတွက် လူ့အခွင့်အရေးစံများပါဝင်သည့် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ထုတ်ပြန်နိုင်ခဲ့သည်မှာ ယနေ့ဆိုလျှင် (၇၄) နှစ် တိုင်ခဲ့ပြီဖြစ်ပါကြောင်း။

နှစ်စဉ် ကျင်းပပြုလုပ်

    မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးမကြာမီ ၁၉၄၈ ခုနှစ် ဧပြီ ၁၉ ရက်တွင် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပြီး ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းအတည်ပြု ထုတ်ပြန်နိုင်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ထောက်ခံမဲ ပေးခဲ့သည့်နိုင်ငံဖြစ်ပါကြောင်း၊ ကုလသမဂ္ဂက ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အတည်ပြု ထုတ်ပြန်ခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်နေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံအသီးသီး၌ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အခမ်းအနားများကို နှစ်စဉ်ကျင်းပပြုလုပ်လေ့ရှိကြပါကြောင်း။

အရေးပါသည့်အနှစ်သာရများ

    ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း၌ “လူသားအားလုံးသည် လွတ်လပ်သူများအဖြစ် မွေးဖွားလာကြပြီး ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ တန်းတူရည်တူ ရှိကြသည်” ဟု ဖော်ပြပါရှိသကဲ့သို့ လူသားအားလုံးအနေဖြင့် မိမိတို့၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များကို ကျင့်သုံးရာတွင် သူတစ်ပါး၏ ဂုဏ်သိက္ခာနှင့် အခွင့်အရေးကို အသိအမှတ်ပြုပြီး လေးစားတန်ဖိုးထားခြင်း၊ ခွဲခြားမှုမပြုဘဲ တန်းတူညီမျှရှိစေခြင်းတို့သည်လည်း လူ့အခွင့်အရေး၏ အရေးပါသည့်အနှစ်သာရများပင် ဖြစ်ပါကြောင်း။

    ထို့ပြင် လူ့အခွင့်အရေးကို လက်ခံရယူကျင့်သုံးကြရာတွင်လည်း လူ့အဖွဲ့အစည်းအတွက် တရားမျှတသည့် လိုအပ်ချက်များဖြစ်သော ကိုယ်ကျင့်တရားများ၊ အများပြည်သူ အေးချမ်းသာယာရေးနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးတို့ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဥပဒေအရသတ်မှတ်ထားသည့် ကန့်သတ်ချက်များအတိုင်းသာ ကျင့်သုံးရမည်ဟုလည်း ယင်းကြေညာစာတမ်း၌ အထင်အရှား ဖော်ပြပါရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် လူ့အခွင့်အရေးကို ကျင့်သုံးကြရာတွင် မိမိတို့၏ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ရယူသကဲ့သို့ သူတစ်ပါး၏လွတ်လပ်ခွင့်နှင့် အခွင့်အရေးကိုလည်း လေးစားတန်ဖိုးထားပြီး လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ကျင့်ဝတ်များကိုလည်း လျစ်လျူမရှုကြရန်၊ မပျက်ကွက်ကြရန်လိုကြောင်း။

ကာကွယ်စောင့်ရှောက်

    ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းတွင် ပါရှိသည့် လူ့အခွင့်အရေးစံများကို လေးစားသည့်အနေဖြင့် ကမ္ဘာ့နိုင်ငံအများစုသည် ၎င်းတို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် အဆိုပါစံများကို ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားသည်ကို တွေ့ရပါကြောင်း၊ အလားတူ မိမိတို့ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း နိုင်ငံသား၊ နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် တာဝန်များကို အခန်းတစ်ခန်းအဖြစ် ထည့်သွင်းရေးဆွဲပြဋ္ဌာန်းထားပါကြောင်း၊ ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုကာကွယ် စောင့်ရှောက်နိုင်ရန်အတွက် “မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥပဒေ” ကို ပြဋ္ဌာန်းထားပြီး ဥပဒေနှင့်အညီ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းထားရှိကာ လူ့ အခွင့်အရေး ချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့် အသိပညာပေးမှုကို မြှင့်တင်ကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း။

        မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အ‌ရေးကို လေးစားတန်ဖိုးထားပြီး ကျင့်သုံးလိုက်နာ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး အဓိကသဘောတူစာချုပ်များဖြစ်ကြသည့် ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာသဘောတူစာချုပ်၊ အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်၊ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်နှင့် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ် ပါဝင်ချုပ်ဆိုခဲ့ပါကြောင်း၊ အဆိုပါစာချုပ်များနှင့် ဆက်စပ်နေသည့် ‌နောက်ဆက်တွဲ သဘောတူစာချုပ်တချို့ကိုလည်း ပါဝင်ချုပ်ဆိုထားပြီးဖြစ်ပါကြောင်း။

 

ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆောင်ရွက်နေ

    နိုင်ငံသူနိုင်ငံသားများ အခြေခံအခွင့်အရေးများကို ခံစားရရှိပြီး လူမှုစီးပွားဘဝ မြင့်မားတိုးတက်လာစေရေးအတွက် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရေးတွင်လည်း အဓိကကျပါကြောင်း၊ ထို့ကြောင့်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ တန်းတူညီမျှရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အသီးသီးကို ဖိတ်ခေါ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အလေးပေးဆောင်ရွက်နေသည်ကို အားလုံး အသိပင်ဖြစ်ပါကြောင်း။

လူ့အခွင့်အ‌ရေးကို တန်ဖိုးထား

          မိမိတို့နိုင်ငံ၏ တိုင်းရင်းသားများသည် ဘာသာတရားနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံ၊ လူမျိုး၏ ပင်ကိုစရိုက်လက္ခဏာများအရလည်း လူသားအချင်းချင်းလေးစားမှုနှင့် လူ့အခွင့်အ‌ရေးကို တန်ဖိုးထားမှုရှိသည့်နိုင်ငံနှင့် လူမျိုးများလည်းဖြစ်ပါကြောင်း၊ လူသားများ၏ကောင်းကျိုးအတွက် လူတို့လိုက်နာအပ်သည့်အကြောင်းတရား၊ အမူအကျင့်၊ အပြောအဆို၊ အနေအထိုင် စသည့် လမ်းညွှန်ဆုံးမစကားများ၊ တစ်နည်းအားဖြင့် နီတိတို့သည်လည်းကောင်း၊ လူမှုရေးရာနှင့် ပတ်သက်သည့် သားသမီးကျင့်ဝတ်၊ မိဘကျင့်ဝတ်၊ တပည့်ကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ်၊ လင်ကျင့်ဝတ်၊ မယားကျင့်ဝတ်၊ မိတ်ဆွေကျင့်ဝတ်၊ အကြီးအကဲကျင့်ဝတ်၊ နာယကဂုဏ်အစရှိသည့် ပေါင်းသင်းဆက်ဆံမှု နယ်ပယ်အလိုက် လိုက်နာစောင့်ထိန်းအပ်သည့် ဝတ္တရားများ၊ တစ်နည်းအားဖြင့် ကျင့်ဝတ်တို့သည်လည်းကောင်း၊ လူသားများ၏ကောင်းကျိုးပွားရာဆောင်ကြဉ်းအပ်သည့်၊ လိုက်နာအပ်သည့် မင်္ဂလာတရားများဖြစ်သော ၃၈ ဖြာ မင်္ဂလာ၊ ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ၊ နေထိုင်ရေးမင်္ဂလာ၊ သင်ကြားရေးမင်္ဂလာ၊ ပြုစုလုပ်ကျွေးရေးမင်္ဂလာ၊ ကူညီဆောင်ရွက်ရေးမင်္ဂလာ၊ ရှောင်ကြဉ်လိုက်နာ‌ရေးမင်္ဂလာ၊ စိတ်ထားဖြူစင် မြင့်မားရေးမင်္ဂလာ၊ သည်းခံခြင်းမင်္ဂလာ၊ ခြိုးခြံခြင်းမင်္ဂလာ၊ စိတ်ထားခိုင်မာရေးမင်္ဂလာ စသည့် မြတ်မင်္ဂလာတို့သည်လည်းကောင်း၊ မြန်မာ့လူ့အဖွဲ့အစည်းတွင် လက်ခံကျင့်သုံးကြသည့် ဓလေ့ထုံးတမ်းဥပဒေအဖြစ် လူအများစုက လက်ခံလိုက်နာလုပ်ဆောင်နေကြသော ကောင်းကျိုးတရားများ ဆိုသည်ကို တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း။

          ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း အတည်ပြုထုတ်ပြန်ခဲ့သည်မှာ လာမည့် ၂၀၂၃ ခုနှစ် တွင် (၇၅) နှစ်ပြည့်မြောက်မည်ဖြစ်သည့်အတွက် ယနေ့ (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့မှစပြီး လာမည့်နှစ် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိ တစ်နှစ်တာကာလပတ်လုံးကို လူသားအားလုံးအတွက် အရေးပါသည့် အမွေအနှစ်ဖြစ်သော ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အလေးပေး ထင်ဟပ်ဖော်ညွှန်းဂုဏ်ပြုသည့် လှုပ်ရှားဆောင်ရွက်ချက်များဖြင့် လေးစားလိုက်နာဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

          ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို ပြည်သူအားလုံးက ပိုမိုသိရှိနားလည်သဘောပေါက်ပြီး လူ့အခွင့်အရေးနှင့် ဆက်နွှယ်ပတ်သက်သည့် အပြုသဘောဆောင်သော သဘောထားအမြင်များ၊ ခံယူလိုက်နာကျင့်သုံးမှုများ ပိုမိုဖြစ်ထွန်းလာရေးအတွက် အသိပညာပေးလှုပ်ရှားမှုများနှင့်အတူ လူ့အခွင့်အရေးကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ထွန်းလာစေရေး သက်ဆိုင်သူအားလုံးက ဝိုင်းဝန်းဆောင်ရွက်သွားကြရန် အလေးအနက် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပါသည်။

          ထို့နောက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြပြီး ဒုတိယဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း က ကုလသမဂ္ဂအထွေထွေအတွင်း‌ရေးမှူးချုပ်၏ Message ကို ဖတ်ကြားခဲ့ပါသည်။

          ယင်းနောက် နိုင်ငံတော်စီံမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် လူ့အခွင့်အရေးနှင့်စပ်လျဉ်းသော Video Clip ကို ကြည့်ရှုခဲ့ကြပါသည်။

          ဆက်လက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌက (၇၄) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ကဗျာ၊ ကာတွန်း၊ ဆောင်းပါးပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။

          ထို့‌နောက် Myanmar National Human Rights Commission (MNHRC) Application ကို မိတ်ဆက်ပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက အားလုံးအတွက် လူ့အခွင့်အရေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပါသည်။

          ယင်းနောက် နိုင်ငံတော်စီံမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ပညာပေးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိခဲ့ပါသည်။

 

Recent News