“ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အပေါ် ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများ” ဆိုင်ရာသိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကျင်းပခြင်း
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျန်းမာရေးဝန်ဆောင်မှုများအကြောင်း သိကောင်းစရာများ ဟောပြောဆွေးနွေးပွဲကို ၂၄-၇-၂၀၂၆ ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် ကော်မရှင်ရုံး Conference Room ၌ကျင်းပရာ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက အဖွင့်အမှာ စကားပြောကြားရာတွင် ကျန်းမာခြင်းသည် လာဘ်တစ်ပါး” ဆိုသည့် စကားပုံအတိုင်း လူတစ်ဦးတစ်ယောက်၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ဖို့နှင့် လူ့အဖွဲ့အစည်းတစ်ခုလုံး စဉ်ဆက်မပြတ် တိုးတက်ဖို့အတွက် ကျန်းမာရေးဟာ အခြေခံအကျဆုံးနဲ့ အရေးကြီးဆုံးသောသော့ချက် ဖြစ်ပါကြောင်း၊ လူ့အခွင့်အရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင်လည်း “ကျန်းမာရေး စောင့်ရှောက်မှု ရရှိပိုင်ခွင့်” (Right to Health) သည် ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းမှာ ကတည်းက အတိအကျ ဖော်ပြထားသည့် အခြေခံလူ့အခွင့်အရေးတစ်ရပ် ဖြစ်ပါကြောင်းနှင့် ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် ဆွေးနွေးဟောပြောချက်များကို သေချာစွာ မှတ်သားစေလိုကြောင်းပြောကြားပါသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်းက “ကျန်းမာရေးဝန်ကြီးဌာနမှ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အပေါ် ဆောင်ရွက်ပေးနေသော ဝန်ဆောင်မှုများ” ခေါင်းစဉ်ဖြင့် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့် မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင်များ နှင့် ကော်မရှင်ရုံးဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနန္ဒဝင်းက ပြန်လည်ဖြေကြားခဲ့ပြီး ဟောပြောဆွေးနွေးပွဲကို (၁၄း၄၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကော်မရှင်ရုံးဝန်ထမ်း (၈၂) ဦးတက်ရောက်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်