“ရခိုင်ပြည်နယ်အရေးကိစ္စ၊ စိန်ခေါ်မှုများနှင့် ရှေ့အလားအလာများ ဆွေးနွေးပွဲ” ကျင်းပခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ရခိုင်ပြည်နယ်အရေးကိစ္စအပေါ် လွတ်လပ်မှု အခြေခံဖြင့် အမြင်ချင်းဖလှယ်ခြင်းအားဖြင့် နိုင်ငံတော်က ရခိုင်ပြည်နယ်အရေးကိစ္စ ဖြေရှင်း ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ “ရခိုင်ပြည်နယ်အရေးကိစ္စ၊ စိန်ခေါ်မှုများနှင့် ရှေ့အလားအလာများ ဆွေးနွေးပွဲ” ကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Summit Parkview ဟိုတယ်၌ ကျင်းပခဲ့သည်။

    အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အတွေ့အကြုံရှိသည့် ပုဂ္ဂိုလ်များ၊ ပြည်တွင်း NGOs ကိုယ်စား လှယ်များနှင့် စိတ်ပါဝင်စားသူများ ပါဝင်တက်ရောက် ဆွေးနွေးကြသည်။ ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ဤသို့ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များက ဘာသာရပ်ခေါင်းစဉ်အသီးသီးတွင် ပါဝင်ဆွေးနွေးခြင်းဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စအတွက် အဖြေရှာရာတွင် ပိုမိုပြည့်စုံစွာ သိရှိနားလည်ခွင့်နှင့် အကြံဉာဏ် ကောင်းများ ရရှိရေးတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

    ထို့နောက် ဆွေးနွေးပွဲ ပထမပိုင်းအဖြစ် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ ဆွေးနွေးကြရာတွင် ညှိနှိုင်းဆွေးနွေးရေးမှူးအဖြစ် ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က ဆောင်ရွက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်က မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့၏ ရခိုင်ပြည်နယ်တွင် ၂၄.၉.၂၀၁၇ ရက်နေ့မှ ၂၉.၉.၂၀၁၇ ရက်နေ့ အထိ သွားရောက်ကြည့်ရှုလေ့လာတွေ့ရှိချက်များကိုလည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် (ငြိမ်း) ဦးမောင်မောင်အုန်းက ရခိုင်ပြည်နယ်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှု အတွေ့အကြုံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဒုတိယ ဥက္ကဋ္ဌ (၁) ဦးအောင်လှထွန်းကရခိုင်ပြည်နယ်အရေးကိစ္စနှင့်သတင်းမီဒီယာ၏အခန်းကဏ္ဍတို့ကိုလည်းကောင်း ဆွေးနွေးတင်ပြကြပြီး တက်ရောက်ကြသူများက မေးခွန်းမေးမြန်းခြင်း၊ သုံးသပ်ခြင်းနှင့် အကြံပြုခြင်းတို့ ပြုလုပ်ကြပါသည်။

    ဆွေးနွေးပွဲဒုတိယပိုင်းအဖြစ် မြန်မာနိုင်ငံ၏ ပြည်ပဆက်ဆံရေးအပေါ် ရခိုင်ပြည်နယ်အရေးကိစ္စ၏ သက်ရောက်မှုများ နှင့်ပတ်သက်၍ဆွေးနွေးကြရာတွင် ညှိနှိုင်းဆွေးနွေးရေးမှူးအဖြစ် ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဆောင်ရွက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေက မြန်မာနိုင်ငံနှင့်ကုလသမဂ္ဂ ဆက်ဆံရေးကိုလည်းကောင်း၊ နိုင်ငံတကာရေးရာ သုတေသီ ဦးကိုကိုလှိုင်က မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်အပါအဝင် အခြားနိုင်ငံများ နှင့်ဆက်ဆံရေးကို လည်းကောင်း၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့၊ အဖွဲ့ဝင် ဦးဘလှအေးက  မြန်မာနိုင်ငံနှင့် အာဆီယံ/ ဥရောပသမဂ္ဂ ဆက်ဆံရေးကိုလည်းကောင်း ဆွေးနွေး တင်ပြကြပြီး တက်ရောက်ကြသူများက မေးခွန်းမေးမြန်းခြင်း၊ သုံးသပ်ခြင်းနှင့် အကြံပြုခြင်းတို့ ပြုလုပ်ကြပါသည်။

    ထို့နောက် ဆွေးနွေးတင်ပြချက်၊ သုံးသပ်ချက်နှင့် အကြံပြုချက်များကို ခြုံငုံသုံးသပ်ဆွေးနွေးကြပြီး အဆိုပါ ဆွေးနွေးသုံးသပ်အကြုံပြုချက်များကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် က နိုင်ငံတော်သမ္မတရုံးသို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News