Disability Inclusion Training ကျင်းပခြင်း

  • News

    မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ အခွင့်အရေးများ၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများကို မြှင့်တင် ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံမှ ပါဝင်ချုပ်ဆိုထားသော လူ့အခွင့်အရေးဆိုင်ရာ သဘောတူ စာချုပ်ပါ အခွင့်အရေးများ အကောင်အထည် ဖော်နိုင်ရေးအတွက်လည်း တစ်စိုက်မတ်မတ် ဆောင်ရွက်လျက်ရှိပါသည်။

    ကိုဗစ်ကပ်ရောဂါ ကာလအတွင်း ပြည်သူများအကြား ကွင်းဆင်း၍ လူ့အခွင့်အရေးမြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အကန့်အသတ်ရှိနေစဉ်အတွင်း ကော်မရှင်ရုံး ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးနှင့် New Normal အတွက် ကြိုတင်ပြင်ဆင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ယင်း ကော်မရှင်ရုံး ဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေး အစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာ သင်တန်း (Disability Inclusion Training) ကို မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့၏ ပူးပေါင်းပါဝင်မှုဖြင့် ကော်မရှင်ရုံး၌ ၂-၇-၂၀၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါသည်။

    သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂-၇-၂၀၂၀ ရက်နေ့တွင် ကော်မရှင်ရုံးတွင် ကျင်းပပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများ၊ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ကော်မရှင် ဥက္ကဋ္ဌက အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။

    အဆိုပါ သင်တန်းကို ကော်မရှင်ရုံးတွင် မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က မသန်စွမ်းသူများ အခွင့်အရေး အခြေအနေများကို နှစ်ရက်တာ ဆွေးနွေးပို့ချသွားမည် ဖြစ်ပြီး ကော်မရှင်ရုံးဝန်ထမ်း (၃၀) ဦးက Social Distancing နည်းလမ်းများနှင့်အညီ တက်ရောက်သွားမည်ဖြစ်ပါသည်။

Recent News