MNHRC မှ မန္တလေး ဗဟိုအကျဉ်းထောင်အား သွားရောက်ကြည့်ရှုစစ်ဆေးခြင်း

  • News

    ကမ္ဘာ့ကုလသမဂ္ဂပြဌာန်းချက်များနှင့် နိုင်ငံတကာစံနှုန်းများအရ နိုင်ငံအသီးသီးရှိ လူ့အခွင့် အရေးဆိုင်ရာကော်မရှင်များသည် အကျဉ်းထောင်နှင့် အကျဉ်းစခန်းများရှိ လူ့အခွင့် အရေး အခြေအနေ များအား ကြည့်ရှုစစ်ဆေးရန်နှင့် အကြံပြုတိုက်တွန်းရန် တာဝန်ရှိ ပါသည်။

    MNHRC မှ အတွင်းရေးမှူး ဦးစစ်မြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒေါက်တာဉာဏ်ဇော်နှင့် လူ့အခွင့်အရေးအရာရှိ (၁) ဦးပါ အဖွဲ့သည် မန္တလေး ဗဟိုအကျဉ်းထောင်အား (၃-၄-၂၀၁၃) ရက်နေ့တွင်လည်းကောင်း၊ ပုသိမ်ကြီးမြို့နယ် ထုံးဘိုရွာအနီး (မန္တလေး-ပြင်ဦးလွင်ကား လမ်း ဘေး) ရှိ အကျဉ်း ဦးစီးဌာန ကျောက်ထုတ်လုပ်ရေးစခန်း(၃) ခုအား (၄-၄-၂၀၁၃) ရက်နေ့ တွင် လည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

    အကျဉ်းထောင်နှင့်ကျောက်ထုတ်လုပ်ရေးစခန်းများမှ တာဝန်ရှိသူများက အကျဉ်းသား အရေအတွက်နှင့်အခြေအနေ၊ နေထိုင်ရေး၊ စားသောက်ရေး အခြေအနေ၊ ကျန်းမာရေးနှင့် သက်မွေးပညာသင်တန်းပြုလုပ်မှု အခြေအနေ၊ ကျောက်ထုတ်လုပ်မှု အခြေအနေ၊ ရဲဘက်များ လုပ်အားခရရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

    စစ်ဆေးလေ့လာတွေ့ရှိချက်များအရ အဆောင်နှင့်အကျဉ်းသားအရေအတွက် မျှတမှုရှိ သည်။ ကျန်းမာရေးစောင့်ရှောက်မှု ဖြစ်နိုင်သမျှဆောင်ရွက်ပေးလျှက်ရှိသည်။ ထမင်းမှာ အဝစား စနစ် ဖြစ်သည်။ သောက်ရေသန့် အလုံအလောက်ရရှိသည်။ အကျဉ်းသားများအပေါ် အကျဉ်းဦးစီး ဝန်ထမ်းများမှ ကောင်းမွန်စွာဆက်ဆံမှုရှိကြောင်း သီးခြားတွေ့ဆုံသော အကျဉ်းသားများ၏ ပြောပြချက်အရ သိရှိရသည်။

       အကျဉ်းဦးစီးတာဝန်ရှိသူများအားအောက်ပါ အချက်များ အကြံပြုတိုက်တွန်းခဲ့ပါသည်။

        အမျိုးသမီးဆောင်လေဝင်လေထွက်ကောင်းစေရန်၊

        ထောင်ဝတ်စုံများယခုထက်ပိုမိုဖြန့်ဝေပေးရန်၊

        ဘာသာအသီးသီးအလိုက် ဝတ်ပြုဆုတောင်းရန်နေရာများ သတ်သတ်မှတ်မှတ် စီစဉ်ပေး ရန်၊

    အကျဉ်းသူအမျိုးသမီးများနှင့် အတူပါလာသောကလေးငယ်များအတွက် မူကြိုပညာရေး လေ့လာသင်ယူမှုများဆောင်ရွက်ပေးမှုအား အသိအမှတ်ပြုသည်။

    ကျောက်ထုတ်လုပ်အားခများ အပြည့်အဝရရှိကြောင်း သီးခြားတွေ့ဆုံမေးမြန်းသော ရဲဘက်များ၏ ထွက်ဆိုချက်အရ သိရပါသည်။ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး အစီအစဉ်များ ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပါသည်။

    အကျဉ်းထောင်အတွင်းစည်းကမ်းများ၊ ဘာသာရေးဆောင်ရွက်ချက်များ၊ အားကစားလှုပ် ရှားမှုများ၊ သင်တန်းများ၊ ကုန်ထုတ်လုပ်ငန်းများ၊ ပြစ်ဒဏ်ပေးမှုများ စသည်တို့သည် အကျင့် စာရိတ္တနှင့် စိတ်ဓါတ်ရေးရာပြုပြင်သည့် အနှစ်သာရဖြစ်သင့်ကြောင်း အကြံပြု ခဲ့ပါသည်။