Universal Periodic Review – Myanmar အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်း

  • News

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် The Lutheran World Federation (Myanmar) တို့ ပူးပေါင်း၍ Universal Periodic Review – Myanmar အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ နေပြည်တော်ရှိ၊ Hotel Max တွင် ကျင်းပခဲ့သည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများမှ အဆင့်မြင့် ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများ၊ The Lutheran World Federation (Myanmar) မှ Program Coordinator နှင့် ဝန်ထမ်းများ စသည်ဖြင့် စုစုပေါင်း (၅၀) ဦးတက်ရောက်ကြသည်။

ကမ္ဘာ့နိုင်ငံအားလုံး၏ လူ့အခွင့်အရေးအခြေအနေကို ပုံမှန်သုံးသပ်သည့်လုပ်ငန်းစဉ် (Universal Periodic Review – UPR) အလုပ်ရုံဆွေးနွေးပွဲ၌ ရှေးဦးစွာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ သို့မဟုတ် နိုဝင်ဘာလတွင် UPR လုပ်ငန်းစဉ်အရ နိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေနှင့် စပ်လျဉ်း၍ တတိယအကျော့အဖြစ် သုံးသပ်မှုခံယူရမည် ဖြစ်သဖြင့် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယခုအလုပ်ရုံဆွေးနွေပွဲကို ကျင်းပခြင်းဖြစ်ပါကြောင်း၊  UPR ဒုတိယအကျော့သုံးသပ်မှုခံယူခဲ့စဉ်က မြန်မာနိုင်ငံက လက်ခံခဲ့သည့် အကြံပြုတိုက်တွန်းချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်မှုများကို ဆွေးနွေးညှိနှိုင်းရန်အတွက် ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်များအနေဖြင့် တက်တက်ကြွကြွပါဝင် ဆွေးနွေးပေးပါရန် မေတ္တာရပ်ခံပါကြောင်း စသည်ဖြင့် ပြောကြားပါသည်။ ထို့နောက် The Lutheran World Federation (Myanmar) မှ Program Coordinator Ms. Mariolein Coren က အဖွင့်အမှာစကား ပြောကြားရာတွင် UPR အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်သင့်သည့်အချက်များ၊ မြန်မာနိုင်ငံတွင် LWF ၏ ဆောင်ရွက်ချက်များကို ထည့်သွင်း ပြောကြားပါသည်။ ထို့နောက် အလုပ်ရုံဆွေးနွေးပွဲ အစီအစဉ်အရ ကော်မရှင်အဖွဲ့ဝင် ဦးညွန့်ဆွေက UPR နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ၏ အကြံပြုတိုက်တွန်းချက်များ ခေါင်းစဉ်ဖြင့်လည်းကောင်းဆွေးနွေး တင်ပြပြီး LWF မှ Deputy Program Manager ဦးစံသိန်းမောင်က UPR နှင့် ဆက်စပ်သည့် လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ Equality Myanmar မှ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက UPR လုပ်ငန်းစဉ်နှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ၏အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြကြပါသည်။

ထို့နောက် အလုပ်ရုံဆွေးနွေးပွဲတက်ရောက်သူများကို အဖွဲ့ငယ်များခွဲ၍ မြန်မာနိုင်ငံက လက်ခံခဲ့သည့် UPR အကြံပြုတိုက်တွန်းချက်များနှင့် စပ်လျဉ်း၍ မည်သည့်ဌာန/ အဖွဲ့အစည်းများက မည်ကဲ့သို့ အကောင်အထည်ဖေါ် ဆောင်ရွက်သင့်သည်ကို အလွတ်သဘော ဆွေးနွေ ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်နေ့ အထိကျင်းပမည်ဖြစ်သည်။

Recent News