ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို ကရင်ဘာသာသုံးမျိုးဖြင့် စတင်မိတ်ဆက်ဖြန့်ချိသည့် အခမ်းအနား ကျင်းပပြုလုပ်ခြင်း

  • News

၁။      ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေညီလာခံက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အတည်ပြုထုတ်ပြန်ကြေညာခဲ့ပါသည်။ ဤကဲ့သို့ သမိုင်းဝင်လုပ်ဆောင်ချက်ကို ဆောင်ရွက်ပြီနောက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံအားလုံးအား ဤကြေညာစာတမ်း၏ စာသားများကို အများပြည်သူ သိရှိနိုင်စေရေးအတွက် ဆောင်ရွက်ရန်နှင့် နိုင်ငံများ (သို့မဟုတ်) နယ်မြေများ၏ နိုင်ငံရေးအဆင့်အတန်းကို ခွဲခြားမှုမပြုဘဲ၊ အဓိကအားဖြင့် ကျောင်းများနှင့် အခြားပညာရေးအဖွဲ့အစည်းများတွင် ကြေညာစာတမ်းကို ဖြန့်ချိဝေငှစေရန်၊  မြင်သာထင်သာအောင် ပြသထားစေရန် ဖတ်ကြားစေရန်နှင့် အဓိပ္ပါယ်ရှင်းလင်းစွာ ဖော်ပြစေရန် ပန်ကြားခဲ့ပါသည်။

၂။      သို့ဖြစ်သည့် အားလျော်စွာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်သည် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းကို အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆို၍ ၂၀၁၃ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် လည်းကောင်း၊ ကချင်ဘာသာ၊ မွန်ဘာသာနှင့် ရှမ်းဘာသာများ သို့ ပြန်ဆို၍ ၂၀၁၅ ခုနှစ် သြဂုတ်လ ၇ ရက်နေ့တွင်လည်းကောင်း အသီးသီး မိတ်ဆက်ဖြန့်ချိခဲ့ပြီး ဖြစ်ပါသည်။

၃။      အလားတူ ကရင်ဘာသာသုံးမျိုးဖြစ်သည့် ပိုးအရှေ့၊ ပိုးအနောက်နှင့် စကောကရင်ဘာသာ များသို့  ပြန်ဆို၍ မိတ်ဆက်ဖြန့်ချိခြင်းအခမ်းအနားကို ယနေ့ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးနှင့် ကရင်စာပေ နှင့် ယဉ်ကျေးမှုကော်မတီမှ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့် အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးဝင်းမြက အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ကရင်တိုင်းရင်း သားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက အမှာစကား ပြောကြားခဲ့ပါသည်။ ယင်းနောက် ကော်မရှင် ဥက္ကဋ္ဌက ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်း ကရင်ဘာသာပြန် စာအုပ်များကို ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးထံသို့ လည်းကောင်း၊ ကရင်တိုင်းရင်းသား ကော်မရှင်အဖွဲ့ဝင် ဦးစိုးဘုန်းမြင့်က ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီထံသို့ လည်းကောင်း အသီးသီးသို့ ပေးအပ်ခဲ့ကြပြီး ကရင်စာပေနှင့်ယဉ်ကျေးမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းချစ်လှက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

Recent News