ဆောင်ရွက်ချက်အမှတ်စဉ် (၁၁/၂၀၁၆/ကာကွယ်) (သိမ်ဇရပ်)

  • News

၁။      တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ မောင်းမကန်ကမ်းခြေရှိ ဆိုင်ခန်းများအား ၈-၂-၂၀၁၆ နေ့တွင် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ DDPC အများပိုင်ကုမ္ပဏီလီမိတက်မှ တာဝန်ယူထားသော လျှပ်စစ်မီးပေးရေးအဖွဲ့၏ ပေါ့ဆမှုကြောင့်ဖြစ်ပေါ်ခဲ့သော မီးလောင်မှုသည် တိုင်တန်းသူ ဆိုင်ခန်းပိုင်ရှင်များအတွက် ကျပ်သိန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရကြောင်း၊ မီးလောင်မှုနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တကွ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများသည် အမှန်တရားအား ဖုံးကွယ်ကာ နစ်နာသူ မီးဘေးသင့်ပြည်သူများအား ယနေ့အချိန်ထိ လာရောက်ဖြေရှင်းပေးခြင်း မရှိကြောင်း၊ သို့ဖြစ်ပါ၍ မောင်းမကန်ကမ်းခြေ မီးဘေးသင့်ပြည်သူများ၏ နစ်နာဆုံးရှုံးမှုအား အမြန်ဆုံး ကူညီဖြေရှင်းပေးပါရန် မီးဘေးသင့်ပြည်သူများမှ ကော်မရှင်သို့ ၂၅-၂-၂၀၁၆ နေ့တွင် တိုင်တန်းချက် ပေးပို့ခဲ့ပါသည်။

၂။      ၎င်းတိုင်တန်းစာအား ၂၉-၂-၂၀၁၆ နေ့တွင် ရရှိခဲ့ပြီး ၃-၃-၂၀၁၆ နေ့တွင် ကော်မရှင်၏ စုံစမ်းစစ်ဆေးရေးအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၃၃/၂၀၁၆) တွင် ထိုင်ပြီး စိစစ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်ပါရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ၇-၃-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ပါသည်။

၃။      တနင်္သာရီတိုင်းဒေသကြီးအစိုးရက “မီးလောင်ကျွမ်းမှုသည် ထရန်စဖေါ်မာမှ ရှော့ဖြစ်ပြီး မီးစလွင့်ကာ မြက်ခြောက်မှတစ်ဆင့် မီးလောင်ကျွမ်းခြင်းကြောင့် မဟုတ်ဘဲ အခြားအကြောင်းအရာကြောင့် မီးလောင်မှုဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၎င်းမြေနေရာသည် အမှတ် (၁၀၄) ခြေလျင်တပ်ရင်းအမည်ဖြင့် မြေသိမ်းအမှုတွဲ ဖွင့်လှစ်ဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ယာယီအဆောက်အဦများ ဆောက်လုပ်ကာ စားသောက်ဆိုင်များ ဖွင့်လှစ်ရောင်းချခဲ့ပြီး ပြန်လည်ဆောက်လုပ်ခွင့်မပြုရန် မူလပိုင်ရှင်ဖြစ်သူများက ကန့်ကွက်စာများ တင်ပြထားရှိကြောင်း” စသည်ဖြင့် ၁၈-၃-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၄။      ထို့ကြောင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ ၂၆-၄-၂၀၁၆ နေ့တွင် အကြောင်းကြားခဲ့ရာ “ ထရန်စဖေါ်မာမှ စတင်လောင်ကျွမ်းခြင်းသာဖြစ်ကြောင်း၊ ၎င်းမြေနေရာအား လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက်ဥပဒေပုဒ်မ ၃၉ အရ အခြားနည်းအသုံးပြုခွင့်အထိသာ ရယူဆောင်ရွက်ထားခဲ့ပြီး၊ မြေအခိုင်အမာအဆောက်အဦ၊ သီးနှံနှင့်ပြောင်းရွှေ့စရိတ်များအတွက် စုစုပေါင်းလျော်ကြေးငွေ ၆၀၄,၉၂၅.၉၄ ကျပ် ပေးလျော်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် ၉-၃-၂၀၁၄ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ၇၂၂ ကြိမ်မြောက် ကာကွယ်ရေးဌာန အဆောက်အဦ ကော်မတီအစည်းအဝေးမှ တပ်ပိုင်မြေအဖြစ် ဆက်လက်သိမ်းဆည်းခြင်းမပြုရန် ဆုံးဖြတ်ချက်အရ ဆက်လက်သိမ်းဆည်းခြင်းမပြုခဲ့ကြောင်း၊ ယနေ့အချိန်ထိ ဆိုင်ခန်းများရောင်းချနေသော်လည်း တပ်နှင့် အုပ်ချုပ်မှုဆိုင်ရာ အဖွဲ့အစည်းများမှ တရားဝင်ခွင့်ပြုထားခြင်းမရှိကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကော်မတီဖွဲ့ထိန်းသိမ်းခြင်းနှင့် စည်ပင်သာယာမှ ရောင်းချခွန်အဖြစ် ဆိုင်ကြီး ၇၀,၀၀ဝိ/-၊ ဆိုင်သေး ၄၀,၀၀ဝိ/- နှုန်းဖြင့် ကောက်ခံလျှက်ရှိကြောင်း” စသည်ဖြင့် ၁-၈-၂၀၁၆ နေ့တွင် ပြန်ကြားခဲ့ပါသည်။

၅။        ပြန်ကြားချက်များအရ မီးလောင်ကျွမ်းမှု၊ မြေပိုင်ဆိုင်မှု၊ ရောင်းချခွန်ကောက်ခံမှုတို့နှင့် ပတ်သက်၍ DDPC ကုမ္ပဏီ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး ဌာနတို့နှင့် သာသက်ဆိုင်နေကြောင်း သုံးသပ်တွေ့ရှိရပါသဖြင့် မီးဘေးသင့်ပြည်သူများအား လူသားချင်း စာနာထောက်ထားမှုဖြင့် ထိုက်သင့်သည့်ဖြေရှင်း ကုစားပေးမှုများ ပြုလုပ်သင့်ပါကြောင်း တနင်္သာရီတိုင်း ဒေသကြီးအစိုးရအဖွဲ့သို့ ၃၀ – ၈  -၂၀၁၆ နေ့တွင် မေတ္တာရပ်ခံခဲ့ပါသည်။

Recent News