မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် FORUM-ASIA မှ ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံ ဆွေးနွေး

  • News

    Asian Forum for Human Rights and Development (FORUM-ASIA) မှ ယခင် ကိုရီးယား သမ္မတနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Professor Kyong Whan Ahn, လက်ရှိ အင်ဒိုနီးရှားနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ Mr. Nur Kholis, FORUM-ASIA အတွင်းရေးမှူးချုပ်ရုံးမှ Ms. Betty Yolanda နှင့် Mr. Joses Kuan တို့ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့ ၁၃:၀၀နာရီ အချိန် တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဆောင် သောကော်မရှင်ကိုယ်စားလှယ်အဖွဲ့နှင့် လာရောက်တွေ့ဆုံ ခဲ့ပါသည်။

    ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့ ကပါရီအခြေခံမူများနှင့်အညီ ဥပဒေအရ ကော်မရှင်ကို ဖွဲ့စည်းထားမှု ၊ ကော်မရှင်အဖွဲ့ဝင်များ ရွေးချယ်ခန့်အပ်မှု၊ လူ့အခွင့်အရေးကိစ္စရပ်များတွင် ကော်မရှင်နှင့် အရပ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်မှု၊ ကော်မရှင်က တိုင်တန်းချက်များ ကိုင်တွယ်ဆောင်ရွက်မှု၊ အကျဉ်းထောင် များအား လူ့အခွင့်အရေးစံနှုန်းများနှင့် ကိုက်ညီမှု ရှိ မရှိ ကြည့်ရှုစစ်ဆေးမှု၊ ဥပဒေကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မရှင်က အကြံပြုမှုများ၊ အဓိကကျသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး သဘောတူစာချုပ်များတွင် မြန်မာနိုင်ငံက ပါဝင်ချုပ်ဆိုရန်အတွက် ကော်မရှင်က အကြံပြုသည့် ကိစ္စရပ်များ၊ ကော်မရှင်၏ Budget ကိစ္စရပ်များ၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့၌ လူ့အခွင့်အရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များတွင် ကော်မရှင်၏ ဆောင်ရွက်ချက် များနှင့် အကြံပြုတိုက်တွန်းမှုများ၊ အလွတ်သတင်းထောက် ကိုပါကြီးသေဆုံးမှု၊ လက်ပံတောင်း တောင် ပဋိပက္ခတွင် ဒေါ်ခင်ဝင်းသေဆုံးမှု၊ အမျိုးသားပညာရေးဥပဒေနှင့် ပတ်သက်၍ ပေါ်ပေါက်ခဲ့သည့် ဆန္ဒပြမှုများနှင့်ပတ်သက်၍ ကော်မရှင်၏ ကွင်းဆင်းစစ်ဆေးမှုများနှင့် အကြံပြု တိုက်တွန်းမှုများကို ရှင်းလင်းပြောကြားခဲ့ပြီး FORUM-ASIA ကိုယ်စားလှယ်အဖွဲ့၏ မေးမြန်း ချက်များကိုလည်း ရှင်းလင်းဖြေကြားခဲ့ပါသည်။