အရှေ့တောင်အာရှအမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်၏ ဒုတိယအကြိမ်လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ပါဝင်တက်ရောက်

  • News

    အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (Southeast Asia National Human Rights Institutions Forum – SEANF) ၏ ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးနှင့် ဆက်စပ်ဆွေးနွေးပွဲကို ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က ဦးဆောင်၍ ၂၁-၇-၂၀၂၆ ရက်နေ့မှ ၂၂-၇-၂၀၂၆ ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် Hybrid Format ဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ၂၃-၇-၂၀၂၆ ရက်နေ့တွင် ဖိုရမ်၏ လေ့လာရေးခရီးစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပါသည်။

    အစည်းအဝေးသို့ ဖိုရမ်အဖွဲ့ဝင်များဖြစ်ကြသည့် မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် တီမောလက်စ်တေနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်များမှ ကိုယ်စားလှယ်များက In-person တက်ရောက်ခဲ့ကြပြီး အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ‌ဦးဝင်းလှိုင်ဦးနှင့် ဒေါက်တာဆွေဆွေအောင်၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှ ညွှန်ကြားရေးမှူးနှင့် ရုံးဝန်ထမ်းများက Video Conferencing စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြပါသည်။

    အစည်းအဝေး ပထမနေ့တွင် ၂၀၂၆ ခုနှစ်၊ ဧပြီလက ကျင်းပခဲ့သော ဖိုရမ်၏ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေး နောက်ပိုင်းကာလအတွင်း ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များနှင့် တိုးတက်အောင်မြင်မှုများ၊ အရှေ့တောင်အာရှ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ် (SEANF)၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆)ပါ ဦးစားပေးကိစ္စရပ် (၅)ရပ် အကောင်အထည်ဖော်ဆောင်ရွက်ရန် အဓိကတာဝန်ယူထားသော ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး ကော်မရှင်များ၏ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ၊ ဘေးကင်းလုံခြုံမှု၊ သန့်ရှင်းမှု၊ ကျန်းမာရေးနှင့် ရေရှည်တည်တံ့သော သဘာဝပတ်ဝန်းကျင် အခွင့်အရေး ဆိုင်ရာ အာဆီယံကြေညာစာတမ်းနှင့်ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများ၊ အသက်အရွယ်ကြီးရင့်သူများ အခွင့်အရေးနှင့်စပ်လျဉ်း၍ ဥပဒေအရ စည်းနှောင်မှုရှိသော စာချုပ်တစ်ရပ်ဖြစ်ပေါ်ရေး ဆောင်ရွက်နေမှု အခြေအနေနှင့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်နေမှု အခြေအနေများ၊ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများအကြား စုံစမ်းစစ်ဆေးမှု ယန္တရားတစ်ရပ် တည်ထောင်ခြင်းနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၊ မလေးရှားနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်နှင့် ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးချုပ်ဆို၍ ပူးပေါင်းဆောင်ရွက်လျက်ရှိသော Sabah ဒေသရှိ နယ်စပ်ဖြတ်ကျော် ရွှေ့ပြောင်းသွားလာမှု၊ နိုင်ငံမဲ့ဖြစ်မှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ပူးတွဲသုတေသနမူဘောင်နှင့် လုပ်ငန်းလမ်းညွှန်ချက်များဆိုင်ရာ သတင်းအချက်အလက်များကို တင်ပြဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

    အစည်းအဝေးတွင် ဖိုရမ်၏ ပထမအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေး နောက်ပိုင်းကာလ အတွင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အ‌ရေး ကော်မရှင်၏ လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ကော်မရှင်အဖွဲ့ဝင် ဦးဝင်းလှိုင်ဦးက ဆွေးနွေးခဲ့ပါသည်။ ထို့နောက် SEANF ၏ မဟာဗျူဟာစီမံကိန်း (၂၀၂၂-၂၀၂၆) ပါ ဦးစားပေးကိစ္စရပ်များအနက် ကော်မရှင်က ဦးဆောင်အဖွဲ့အစည်းအဖြစ် တာဝန်ယူထား‌သော ဦးစားပေးကိစ္စရပ် အမှတ် (၂) ဖြစ်သည့် “စီးပွားရေးလုပ်ငန်းများတွင် လူ့အခွင့်အရေး မြှင့်တင်ရန်နှင့်ကာကွယ်ရန်” ကိစ္စရပ်နှင့် စပ်လျဉ်း၍ ကော်မရှင်၏ အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေကို ကော်မရှင်ရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက ‌ဆွေးနွေးခဲ့ပါသည်။

    အစည်းအဝေး ဒုတိယနေ့ နံနက်ပိုင်းတွင် ဖိုရမ်၏ (၂၃) ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ် အပါအဝင် ဖိုရမ်၏ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

    အစည်းအဝေးတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ကိုယ်စားလှယ်အဖွဲ့က ဖိုရမ်၏ ၂၀၂၇ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က လက်ခံရယူရန်ကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ပါသည်။

    ထို့နောက် နေ့လယ်ပိုင်းတွင် “အရှေ့တောင်အာရှဒေသရှိ ဒုက္ခသည်များနှင့် လူကုန်ကူးမှု ပြဿနာရပ်များနှင့် စပ်လျဉ်းသော ဒေသတွင်း ပူးပေါင်း ဆောင်ရွက်မှုအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများခေါင်းစဉ်ဖြင့် ဖိုရမ်၏ ဆက်စပ်ဆွေးနွေးပွဲတစ်ရပ်ကို ဆက်လက် ကျင်းပပြုလုပ်ခဲ့ပါသည်။

    အဆိုပါ ဆက်စပ်ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှဒေသရှိ ဒုက္ခသည်များနှင့် လူကုန်ကူးမှု ဆိုင်ရာ အခြေအနေများကို နားလည်သဘောပေါက်ခြင်း၊ ဖြစ်ပေါ်စေသော အကြောင်းရင်းများ၊ လက်ရှိဖြစ်ပေါ်နေသော လမ်းကြောင်းများနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိန်ခေါ်မှုများ နှင့် “ဒုက္ခသည်များနှင့် လူကုန်ကူးခံရသူများအတွက် ကာကွယ်စောင့်ရှောက်မှု ကွာဟချက်များနှင့် တရားမျှတမှုရရှိရေး လက်လှမ်းမီနိုင်မှု” စသည့် ခေါင်းစဉ်များအလိုက် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပြီး ကော်မရှင်မှ ပါဝင်ဆွေးနွေးခဲ့ပါသည်။

    အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် ( Southeast Asia National Human Rights Institutions Forum – SEANF ) ကို ၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ၂၀၁၂ ခုနှစ်တွင် ဖိုရမ်အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Recent News