အရှေ့တောင်-အာရှ ဒေသဆိုင်ရာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ လုပ်ငန်း အဖွဲ့အစည်းအဝေး (တီဒဗလျူဂျီ ၁/၂၀၁၆)

  • News

အရှေ့တောင်-အာရှ ဒေသဆိုင်ရာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းမျး ဖိုရမ်၏ လုပ်ငန်းအဖွဲ့ အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များတွင် ဖိုရမ်၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၌ လက်ခံကျင်းပခဲ့ပါသည်။ လုပ်ငန်းအဖွဲ့ အစည်းအဝေးသို့ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။ တီမော လက်စ်တေအနေဖြင့်မူ ဤအစည်းအဝေးသို့ တက်ရောက်နိုင်ခဲ့ခြင်း မရှိပါ။

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယခုအစည်းအဝေးသည် မလေးရှားနိုင်ငံ၊ ပူတရာဂျာရာတွင် ကျင်းပခဲ့သော ၁၂ ကြိမ်မြောက် အရှေ့တောင်-အာရှဒေသဆိုင်ရာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်နှစ်ပတ်လည် အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ နောက်ဆက်တွဲ ဆောင်ရွက်ထားမှုများကိုလည်းကောင်း၊ လူ့အခွင့်အရေးဆိုင်ရာ အခြားကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးရန် ကျင်းပရခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြား ခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် တက်ရောက်လာခဲ့ကြသူများက စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြပြီးနောက် အစည်းအဝေးကို ခေတ္တရပ်နား ခဲ့ပါသည်။

အစည်းအဝေးပြန်လည်စတင်သည့်အခါ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (Komnas HAM) မှ SEANF အမြဲတမ်း အတွင်းဝန်ရုံးနှင့် စပ်လျဉ်းသည့် နောက်ဆုံးအခြေအနေများနှင့် SEANF ၏ (၂၀၁၇ – ၂၀၂၂) မဟာဗျူဟာ စီမံကိန်းမူကြမ်း ရေးဆွဲခြင်းနှင့် ပတ်သက်သည့် ကနဦးရေးဆွဲမှုများကို တင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်လာကြသည့် အဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်များမှ ဖြည့်စွက်ဆွေးနွေးမှုများ ပြုခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်စာသုံးဆောင်ရန် ခေတ္တရပ်နားခဲ့ပါသည်။

           နေ့လယ်ပိုင်း အစည်းအဝေး ပြန်လည်စတင်သည့်အခါ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အကောင်အထည်ဖော်မှုတွင် SEANF အခန်းကဏ္ဍ နှင့် သက်ရွယ်ကြီးသူများ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြပြီး အစည်း အဝေးကို (၁၆:၀၀) နာရီတွင် ရပ်နားခဲ့ပါသည်။

ကိုယ်စားလှယ်များသည် ညနေပိုင်းတွင် ရွှေတိဂုံစေတီတော်သို့ သွားရောက်ဖူး မြော်ခဲ့ကြပြီး ကန်တော်ကြီး ကရဝိတ်ဟိုတယ်၌ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌက တည်ခင်းဧည့်ခံသော ညစာ စားပွဲသို့ တက်ရောက်ခဲ့ပါသည်။

အရှေ့တောင်-အာရှ ဒေသဆိုင်ရာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ ဖိုရမ်၏ လုပ်ငန်း အဖွဲ့အစည်းအဝေးကို ဇန်နဝါရီလ ၂၈ ရက်နေ့တွင် ဒုတိယနေ့အဖြစ် ဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

Recent News