အာရှ-ပစိဖိတ် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများဖိုရမ်၏ (၂၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနှင့် Interactive Dialogue သို့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် ပါဝင်တက်ရောက်ခြင်း

  • News

    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တွဲဖက်အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည့် အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (Asia Pacific Forum of National Human Rights Institutions – APF) ၏ (၂၆) ကြိမ်မြောက်နှစ်ပတ်လည်အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင်လည်းကောင်း၊ “Women’s and girls’ sexual and reproductive health rights in crisis” ခေါင်းစဉ်ဖြင့် ဖိုရမ်အဖွဲ့ဝင်များနှင့် UN Working Group on discrimination against Women အဖွဲ့ဝင်များအကြား Interactive Dialogue ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင်လည်းကောင်း virtual online platform ဖြင့် ကျင်းပခဲ့ပါသည်။

    ဖိုရမ်၏ နှစ်ပတ်လည်အစည်းအဝေး သို့ APF အဖွဲ့ဝင် အမျိုးသားလူ့အခွင့် အရေးအဖွဲ့အစည်း (၂၅) ဖွဲ့မှ ကိုယ်စားလှယ်များပါဝင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်၊ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာနန္ဒာမွှန်း၊ ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးပေါ်လွင်စိန်၊ ဦးကျော်စိုး၊ ဒေါက်တာတင်မောင်မောင်သန်း၊ ဒေါက်တာ မြင့်သူမြိုင်နှင့် ဦးတင်အောင် တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ နှစ်ပတ်လည်အစည်းအဝေးတွင် ဖိုရမ်၏ စွမ်းဆောင်မှု အစီရင်ခံစာအား ရှင်းလင်းတင်ပြခြင်း၊ ဖိုရမ်အဖွဲ့ဝင် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများတွင် ကျား-မ တန်းတူညီမျှမှု မြှင့်တင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြခြင်း၊ ဖိုရမ်၏ ဘဏ္ဍာရေးစာရင်း ရှင်းလင်းတင်ပြခြင်း ကိစ္စရပ်များ၊ ဖိုရမ်အဖွဲ့ဝင်အဖြစ် လျှောက်ထားမှုကိစ္စရပ်များ၊ ဖိုရမ်၏ စီမံအုပ်ချုပ်မှုကော်မတီအတွက် ကိုယ်စားလှယ်တစ်ဦး ရွေးချယ်ခြင်း၊ ဖိုရမ်၏ ဥက္ကဋ္ဌ အသစ် အမည်စာရင်းတင်သွင်းခြင်း၊ GANHRI ၏ အမျိုးသားလူ့အခွင့်အရေး အဖွဲ့အစည်းများ အဆင့်အတန်း သတ်မှတ်ရေးဆပ်ကော်မတီ (Sub-Committee on Accreditation – SCA)  တွင် ပါဝင်ရန် APF ၏ ကိုယ်ခွဲကိုယ်စားလှယ် ရွေးချယ်ခြင်းနှင့် အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် လူသားချင်း စာနာထောက်ထား မှုဆိုင်ရာ ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ အရှေ့တောင်အာရှဒေသ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးမှ ကိုယ်စားလှယ်များက ရုပ်သံပြကွက်ဖြင့် တင်ပြခြင်းစသည့် ကိစ္စရပ်များကို ဆွေးနွေး ဆောင်ရွက်ခဲ့ကြပါသည်။

    APF အဖွဲ့ဝင်များနှင့် UN Working Group on discrimination against Women အဖွဲ့ဝင်များအကြား “Women’s and girls’ sexual and reproductive health rights in crisis” နှင့်စပ်လျဉ်းသည့် Interactive Dialogue သို့ ဖိုရမ်အဖွဲ့ဝင် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ကော်မရှင် အဖွဲ့ဝင်များ၊ UN Working Group on discrimination against Women  မှ ကိုယ်စားလှယ်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဆွေးနွေးပွဲတွင် UN Working Group on Discrimination Against Women and Girls ၏ အဖွဲ့ဝင်ဖြစ်သူ Ms. Elizabeth Broderick AO နှင့် APF ၏ ဥက္ကဋ္ဌနှင့် APF Women’s Leaders Forum ၏ ဥက္ကဋ္ဌဖြစ်သူ Professor Rosalind Croucher တို့က အဖွင့်နှုတ်ဆက်စကားပြောကြားခဲ့ပြီး UN Working Group on Discrimination Against Women and Girls ၏ ဥက္ကဋ္ဌ ဖြစ်သူ Ms. Melissa Upreti က UN Working Group အကြောင်းအကျဉ်းချုပ်နှင့် မကြာသေးမီက လူ့အခွင့်အရေးကောင်စီသို့ တင်သွင်းခဲ့သော the report on women’s and girls’ sexual reproductive health in crisis နှင့် စပ်လျဉ်း၍လည်းကောင်း၊ APF အဖွဲ့ဝင် တီမောလက်စ်တေနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် နှင့် ဆာမိုအာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းတို့က Women’s and girls’ sexual and reproductive health rights in crisis နှင့်စပ်လျဉ်း၍ ယင်းတို့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ လက်ရှိဦးစားပေး ဆောင်ရွက်လျက်ရှိသော မဟာဗျူဟာ လုပ်ငန်းစဉ်များကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံနှင့် အိန္ဒိယနိုင်ငံ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းတို့က ဘာသာရပ် နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြမှုများ ပြုလုပ်ခဲ့ကြပါသည်။ ထို့နောက် ဆွေးနွေးတင်ပြမှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် ကိုယ်စားလှယ်များက သိရှိလိုသည်များကို မေးမြန်းခြင်းအစီအစဉ်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌ က ဘာသာရပ်နှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး UN Working Group on Discrimination Against Women and Girls ၏ ဥက္ကဋ္ဌဖြစ်သူ Ms. Melissa Upreti နှင့် အဖွဲ့ဝင်ဖြစ်သူ Ms. Elizabeth Broderick AO တို့က ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းတို့ ပြုလုပ်ခဲ့ကြပါသည်။

                                                                                                                                           မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်

 

Recent News