စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ ဆွေးနွေးပွဲများ၌ ကော်မရှင်ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခြင်း

  • News

        ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ Anantara Siam ဟိုတယ်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၀ ရက်မှ ၁၁ ရက်နေ့အထိ ကျင်းပသည့် AICHR Interregional Dialogue: Sharing Good Practices on Business and Human Rights ​ဆွေးနွေးပွဲနှင့် ဗန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံး ညီလာခံ ခန်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၂ ရက်မှ ၁၃ ရက်နေ့အထိ ကျင်းပသည့် Responsible Business and Human Rights Forum ဆွေးနွေးပွဲတို့သို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးညွန့်ဆွေ ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲနှစ်ရပ်အနက် AICHR Interregional Dialogue ​ဆွေးနွေးပွဲသို့ ဒေသတွင်းရှိ နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့များ၊ နိုင်ငံတကာနှင့် ကုလသမဂ္ဂမှ ပညာရှင်များ တက်ရောက်ကြပြီး ကုလသမဂ္ဂရုံး ညီလာခံခန်းမတွင် ကျင်းပသည့် Forum ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း ၆၁ နိုင်ငံမှ ပညာရှင်များနှင့် ကိုယ်စားလှယ်အဖွဲ့များ၊ ကုလသမဂ္ဂမှ ပညာရှင်များတက်ရောက်ကြသည်။

        ဆွေးနွေးပွဲနှစ်ရပ်စလုံး၌ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်က မြန်မာနိုင်ငံရှိ နိုင်ငံ့ဝန်ထမ်းများအကြား စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂလမ်းညွှန်မူများ အသိပညာပြန့်ပွားရေးအတွက် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့် အရေးကော်မရှင်နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) တို့ပူးပေါင်းကာ ဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက ​နေပြည်တော်၌ ကျင်းပခဲ့ကြောင်း၊ အဆိုပါ ဆွေးနွေးပွဲအပြီးတွင် ထုတ်ပြန်ချက်တစ်ရပ်ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ အဆိုပါ ထုတ်ပြန်ချက်တွင် နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာကုလသမဂ္ဂ လမ်းညွှန်မူများကို နိုင်ငံအတွင်း၌ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပြန့်ပွားမှုကိုတိုးမြှင့် ဆောင်ရွက်သင့်ပါကြောင်း၊ ကုလသမဂ္ဂလမ်းညွှန်မူများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီးနောက် တစ်ဆင့်ပြီးတစ်ဆင့်တက်ကာ နိုင်ငံတော်အနေဖြင့် စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အမျိုးသားရှေ့လုပ်ငန်းစဉ် (National Action Plan) တစ်ရပ်ရေးဆွဲသင့်ပါကြောင်းဖြင့် ထည့်သွင်းဖေါ်ပြနိုင်ခဲ့ကြောင်း၊ တစ်ဆင့်ပြီးတစ်ဆင့်ဆိုသည် မှာ ABC အယူအဆဖြစ်ပါကြောင်း၊ ၎င်းမှာ – ပထမအဆင့် အသိပညာပြန့်ပွားရေး (Awareness raising)၊ ဒုတိယအဆင့် စွမ်းဆောင်ရည်တည်ဆောက်ရေး (Building of Capacity) နှင့် တတိယအဆင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခြင်း (Collaboration) တို့ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အနေဖြင့် ကုလသမဂ္ဂ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စီးပွားရေးလုပ်ငန်းနှင့် လူ့အခွင့်အရေးဘာသာရပ်အတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် ထည့်သွင်းပြောကြားခဲ့ပါသည်။