မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) တို့ ပူးပေါင်း၍ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပ
မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေ ပုဒ်မ ၂၂ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ
လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာ
အကောင်အထည်ဖော်နိုင်ရန် လုပ်ငန်းများအစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)တို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် စီးပွားရေးနှင့်
လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၇-၇-၂၀၂၆
ရက်နေ့၊ ၁၃း၀၀ နာရီအချိန် တွင် ရန်ကုန်မြို့၊ မြဝတီမီဒီယာစင်တာ၌ ကျင်းပခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့်
ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်၊
ညွှန်ကြားရေးမှူးများ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊
ဂျပန်နိုင်ငံ Ingo Peace အဖွဲ့ဥက္ကဋ္ဌနှင့်
တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့
(ဗဟို) မှ ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ
တာဝန်ရှိသူများ၊ မြန်မာ-ဂျပန်စီးပွားရေးလုပ်ငန်းရှင်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ
တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့်ဧည့်သည်များ စုစုပေါင်း (၅၂၀) ဦး ခန့်
တက်ရောက်ခဲ့ပါသည်။
ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းမှ အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့ပြုလုပ်သည့် ဟောပြောဆွေးနွေးပွဲသည်
ကော်မရှင်နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ
ချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)တို့ ပူးပေါင်းဆောင်ရွက်သည့် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး
ဟောပြောဆွေးနွေးပွဲဖြစ်ပါကြောင်း၊ စီးပွားရေးလုပ်ငန်းများကြောင့်
လူ့အခွင့်အရေး ထိပါးခံရမှုမှ ကာကွယ်နိုင်ရန် အစိုးရနှင့် စီးပွားရေးလုပ်ငန်းများအကြားပူးပေါင်းဆောင်ရွက်မှု
အားပေးမြှင့်တင်နိုင်ရန်၊ ရေရှည်တည်တံ့သော စီးပွားရေး တည်ဆောက်နိုင်ရန်နှင့်
စီးပွားရေးလုပ်ငန်းများဆိုင်ရာ ဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်း များကို
သိရှိလိုက်နာနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ပါကြောင်း၊
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးကြီးသည်ဖြစ်ရာ နိုင်ငံ၏
စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်း/
ပြည်ပစီးပွားရေးလုပ်ငန်းရှင်များ၏ ပူးပေါင်းဆောင်ရွက်မှုများလိုအပ်ပါကြောင်း၊
ထိုသို့ ဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာရမည်ဖြစ်ပြီး
စီးပွားရေးလုပ်ငန်းများကြောင့် လူ့အခွင့်အရေး ထိခိုက်နိုင်မှုများကို
ကြိုတင်သိရှိကာကွယ်ရန် လိုအပ်ပါကြောင်း၊
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှုနှင့် သဘာဝပတ်ဝန်း
ကျင်ထိန်းသိမ်းမှုတို့သည် တစ်ခုနှင့်တစ်ခု အပြန်အလှန် ဆက်နွှယ်လျက်ရှိပြီး
ခွဲခြား၍ မရသော အရေးကြီးသည့်အစိတ်အပိုင်းများဖြစ်ရာ ရေရှည်တည်တံ့သော
ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ရန်အတွက် အစိုးရ၊ စီးပွားရေးလုပ်ငန်းများ၊
အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာမိတ်ဖက်များအားလုံး အချင်းချင်း ယုံကြည်မှုရှိစွာ
ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း၊ ၂၀၁၁ ခုနှစ်တွင် ကုလသမဂ္ဂက UN
Guiding Principles on Business and Human
Rights (UNGPs) ကို အတည်ပြုခဲ့ရာ နိုင်ငံအများအပြားက Business
and Human Rights သည် အရေးပါသောအခြေခံမူတစ်ရပ်အဖြစ်
အသိအမှတ်ပြုလာကြကြောင်း စသည်ဖြင့်အကျယ်တဝင့်ပြောကြားခဲ့ပါသည်။ထို့နောက် ဂျပန်နိုင်ငံ
Ingo Peace အဖွဲ့ဥက္ကဋ္ဌ Mr. Hiroyuki Nakazawa က မိတ်ဆက် စကားပြောကြားခဲ့ပြီးဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) ဥက္ကဋ္ဌ ဦးဝဏ္ဏက အမှာစကားပြောကြားခဲ့ပါသည်။
ယင်းစီးပွားရေးနှင့်
လူ့အခွင့်အရေးဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲတွင် မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင်
ဒေါက်တာနုနုရီက လူ့အခွင့်အရေး အခြေခံအယူအဆအကြောင်း၊ ကော်မရှင်အဖွဲ့ဝင်
ဒေါက်တာတင်ဋ္ဌေးအိက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်အကြောင်းနှင့်
လူ့အခွင့်အရေးနှင့် သဘာဝပတ်ဝန်းကျင်အကြောင်း၊ ကော်မရှင်ရုံး ဒုတိယ
ညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်ဝင်းက စီးပွားရေးလုပ်ငန်းများနှင့်
လူ့အခွင့်အရေးအကြောင်း တို့ကို ဟောပြောဆွေးနွေးခဲ့ကြပါသည်။
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်