လူ့အခွင့်အရေးနှင့် သက်ဆိုင်သော ဥပဒေများ အသိပညာပေးသင်တန်း ဖွင့်လှစ်
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် ကော်မရှင်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ
အများပြည်သူ၏ လူ့အခွင့်အရေးအသိပညာ မြင့်မားလာစေရေးအတွက် သတင်းအချက် အလက်များဖြန့်ချိခြင်း၊
ပညာပေးခြင်းလုပ်ငန်းများကို မြှင့်တင်ဆောင်ရွက်လျက်ရှိ သကဲ့သို့
ကော်မရှင်ရုံးဌာနအသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိ
အဆင့်ဝန်ထမ်းများနှင့် ရုံးခွဲများမှ တာဝန်ခံများအတွက် လူ့အခွင့်အရေးနှင့်
သက်ဆိုင်သော ဥပဒေများ အသိပညာပေး သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၈-၇-၂၀၂၆ ရက်နေ့၊ ၁၀း၀၀
နာရီအချိန် တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရုံး၊ Conference Room ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ကော်မရှင် အဖွဲ့ဝင်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းနည်းပြများနှင့်
သင်တန်းတက်ရောက်ကြမည့် ကော်မရှင်ရုံး အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ အမျိုးသား
လူ့အခွင့်အရေး ကော်မရှင်အဖွဲ့ဝင် ဒေါက်တာနုနုရီ က အဖွင့်အမှာစကားပြောကြားရာ၌ ကော်မရှင်သည်
လူ့အခွင့်အရေး မြှင့်တင်ပညာပေးရေးနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး
လုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဆိုရင် ၁၅
နှစ်တာကာလကို ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း၊ လူ့အခွင့်အရေးဆိုင်ရာ
အသိပညာပေးဟောပြောမှုများ၊ သင်ခန်းစာပို့ချမှုများကို အခြားဝန်ကြီးဌာန၊
အဖွဲ့အစည်းများတွင်သာမက ကော်မရှင်ရုံးဝန်ထမ်းများ လူ့အခွင့်အရေးဆိုင်ရာ
အခြေခံအယူအဆများ၊ သဘောတရားများ သိရှိနားလည်လက်ခံကျင့်သုံးနိုင်စေရန်အတွက်
ဌာနတွင်းလူ့အခွင့်အရေးအသိပညာပေး သင်တန်းများကို နှစ်စဉ်ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း၊ ဒီသင်တန်းမှာ ထူးခြားတာကတော့ ကော်မရှင် အဖွဲ့ဝင်များနဲ့
အတွေ့အကြုံရှိသည့် ကော်မရှင်ရုံးအရာထမ်းများက လူ့အခွင့်အရေးစံနှုန်းများကို
ဥပဒေများနှင့် ဆက်စပ်ပြီး ဆွေးနွေးပို့ချသွားမည်ဖြစ်ကြောင်း စသည်ဖြင့် အကျယ်တဝင့်
ပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းကို စုစုပေါင်း
သင်တန်းသားဦးရေ (၂၁) ဦးဖြင့် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၂၈ ရက်၊ ၃၀ ရက်နေ့နှင့် ၃၁
ရက်နေ့များတွင် Hybrid
System အသုံးပြု၍ ဆွေးနွေးပို့ချမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်